မေလ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြဝတီမြို့နယ်၊ နို့ဖိုး(အပြင်ကွင်းကလေး)နှင့် ထီးမူးထ( အတွင်းကလေး)ဒေသတွင် စစ်အုပ်စုက အင်အား အလုံးအရင်းဖြင့် တပ်စွဲကာ စာသင် ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် စီစဉ်နေပြီး လက်ရှိတွင် ဒေသခံရွာသားများ ရွာအပြင်အဝင်အထွက်ပြုလုပ်ရာ၌ ထောက်ခံစာပြနိုင်မှသာ သွားလာခွင့်ပြုကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါကျေးရွာများတွင် စစ်အုပ်စုက ရွာအဝင်အထွက်၌ စစ်ဆေးရေးဂိတ်များ ချထားသည့်အပြင် ၎င်းတို့နှင့် ပူးပေါင်းထားသည့် နယ်ခြားစောင့်တပ် (BGF) နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တပ်ဖွဲ့များလည်း ကျေးရွာအတွင်း လှုပ်ရှားလျက်ရှိသည်။ ထိုအခြေအနေကြောင့် ရွာပြင်ထွက်ပါက ယင်းတပ်ဖွဲ့များထံတွင် ထောက်ခံစာ သွားရောက်ပြုလုပ်နေကြရသည်ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောသည်။
“စစ်တပ်က ဘုရားကျောင်းမှာ အများကြီး တပ်စွဲထားတယ်။ တစ်ဖက်မှာလည်း DKBA တို့ BGF တို့ ရှိတော့ ရွာပြင်ထွက်ရင် သူတို့ဆီမှာ လက်မှတ်သွားရေးပြီး ဂိတ်ဖြတ်တဲ့အခါ ပြရတယ်။ အဲဒီလိုတွေ လုပ်နေရတော့ ရွာမှာ ပြန်နေရတာ အဆင်မပြေဘူး” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ဒေသခံများအနေဖြင့် နေ့စဉ်စားဝတ်နေရေးအတွက် ရွာပြင်ရှိ မိမိတို့ခြံထဲသို့ သွား ရောက်လုပ်ကိုင်ခြင်း သို့မဟုတ် အခြားနေရာများသို့ ဈေးဝယ်သွားခြင်းမျိုးပြုလုပ်ရာတွင်ပင် ရွာအဝင်အထွက် ထောက်ခံစာ ပုံမှန်ပြသနေရသည်ဟု ဒေသခံများက ဆိုသည်။
ထီးမူးထ(အတွင်းကွင်းကလေး)ကျေးရွာသည် BGF အမှတ် (၄) တပ်နယ်မှူး ဗိုလ်မှူးစောမုတ်သုန်၏ ဇာတိရွာဖြစ်ပြီး နို့ဖိုးနှင့် ထီးမူးထကျေးရွာများ၌ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြီးခဲ့သည့် မေလ ၂၀ ရက်နေ့က စစ်အုပ်စုတပ်ဖွဲ့ဝင်များနှင့်အတူ ဗိုလ်မှူးစောမုတ်သုန်ကိုယ်တိုင် ကွင်းဆင်းလှုံ့ဆော်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လက်ရှိအချိန်တွင် အဆိုပါကျေးရွာများ၌ ဒေသခံရွာသား ထက်ဝက်ခန့် ပြန်လည်နေ ထိုင်နေကြ သော်လည်း စစ်အုပ်စုတပ်များ အခြေချတပ်စွဲထားဆဲဖြစ်သဖြင့် ဒေသခံအများအပြားမှာ စစ်ဘေးရှောင်စခန်းများတွင် ဆက်လက်တိမ်းရှောင်နေရဆဲဖြစ်ကြောင်း စစ်ရှောင်စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။
၎င်းတာဝန်ရှိသူက “နို့ဖိုးနဲ့ ထီးမူးထရွာကလူတွေက သွားလိုက်ပြန်လိုက်ပဲ လုပ်နေကြသေးတယ်။ အပြည့်အဝ ပြန်မနေရဲကြသေးဘူး။ ပြန်နေတဲ့လူတွေကလည်း BGF နဲ့ DKBA တပ်စွဲထားတဲ့ ဘက်ခြမ်းမှာပဲ ပြန်နေကြတာ။ ရွာမှာ စစ်တပ်ရှိနေရင် တိုက်ပွဲက အချိန်မရွေး ပြန်ဖြစ်လာနိုင်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
နို့ဖိုး(အပြင် ကွင်းကလေး)ကျေးရွာရှိ စာသင်ကျောင်းများသည် ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန (KECD) စီမံခန့်ခွဲမှုအောက်ရှိ ကျောင်းများဖြစ်သည်။ ထီးမူးထ(အတွင်းကွင်းကလေး)ကျေးရွာကျောင်းမှာ ယခင်က မူလတန်းအဆင့် အစိုးရကျောင်းဖြစ်သော်လည်း ၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ကာလမှစတင်ကာ KECD လက်အောက်ခံ ကျောင်းအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
ထိုကျေးရွာများတွင် ၂၀၂၄ ခုနှစ်မှစတင်ကာ စစ်ရေးမတည်ငြိမ်မှုများကြောင့် ဒေသခံများ စစ်ဘေး ရှောင်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးနောက် ၎င်းစာသင်ကျောင်းများကို ဘေးလွတ်ရာ လုံခြုံသည့်နေရာများသို့ ရွှေ့ပြောင်းကာ ပညာသင်ကြားရေးလုပ်ငန်းများကို ဆက်လက်လည်လုပ်ဆောင်နေရကြောင်း သိရသည်။



















