KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို ဗုံးထိမှန်သေဆုံးတယ်ဆိုတဲ့သတင်းအမှား
Fact Check / Dawei Watch၊ KIC ၊ The Red Flag
ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို ဟာ မေလ ၆ ရက် ညနေပိုင်းမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
ဒုဗိုလ်မှူးကြီး စောကလယ်ဒို ကွယ်လွန်ခြင်းအပေါ် စစ်အုပ်စု ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေနဲ့ လူမှုကွန်ရက်အကောင့် တွေကတော့ စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဗုံးထိမှန်ပြီး သေဆုံးတယ်ဆိုပြီး မေလ ၇ရက်မှာ ဖြန့်ချိ နေကြပါတယ်။
အဲဒီလို ဖြန့်ချိမှုတွေနဲ့ ပတ်သက်လို့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch နဲ့ KIC သတင်းဌာနတွေက အချက်အလက်စိစစ်ကြည့်ရာ သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။
Subscriber ပြုလုပ်ထားသူ လေးထောင့်ကိုးရာကျော်ရှိတဲ့ Ma Mi Mi အမည်နဲ့ တယ်လီဂရမ်ချန်နယ် ဖြန့်ချိချက်ဟာ ကြည့်ရှူပြီးသူ တစ်ထောင်ကျော်နဲ့ ဆက်လက်ပျံ့နှံ့နေတာကို အောက်ဖော်ပြပါ ပုံမှာ ကြည့်နိုင်ပါတယ်။
(ပုံဖော်ပြမည်)
Subscriber ပြုလုပ်ထားသူ ငါးသောင်းခြောက်ထောင်ကျော်ရှိတဲ့ PAN အမည်နဲ့ တယ်လီဂရမ်ချန်နယ်ရဲ့ ဖြန့်ချိချက် ဟာလည်း ကြည့်ရှူပြီးသူ သုံးထောင့်ခုနစ်ရာကျော်နဲ့ ဆက်လက်ပျံ့နှံ့နေတာကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ် – https://archive.ph/DVB2V
အလားတူ Facebook လူမှုကွန်ရက်မှာလည်း ဖြန့်ချိမှုတွေရှိနေပါတယ် ။ အောက်ဖော်ပြပါ ပုံမှာ ကြည့်နိုင်ပါတယ်။
(ပုံဖော်ပြမည် )
◼︎ဒုဗိုလ်မှူးကြီး စောကလယ်ဒို လူကြီးရောဂါနဲ့ ကွယ်လွန်
ဒုဗိုလ်မှူးကြီး စောကလယ်ဒိုဟာ မေလ ၆ ရက် ညနေပိုင်းမှာ လူကြီးရောဂါနဲ့ ကွယ်လွန်တယ်လို့ ခရိုင်တာဝန်ရှိသူတွေကို ကိုးကားပြီး Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ KIC သတင်းဌာနက ဖော်ပြပါတယ်။
ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို ဟာ မူတြော်ခရိုင်၊ လူသောမြို့နယ်ဇာတိဖြစ်ပြီး ကွယ်လွန်ချိန်အထိ တပ်မဟာ ၅ စစ်ရေးချုပ်တာဝန်နဲ့ ခရိုင်ပြောခွင့်ရပုဂ္ဂိုလ် တာဝန်တွေကို အဓိက တာဝန်ယူ ထမ်းဆောင်ခဲ့ပါတယ်။
ကေအဲန်ယူဌာနချုပ် မာနယ်ပလော ခေတ်ကာလ အရေးကြီးတဲ့အချိန်တွေမှာလည်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ တပ်ရင်း (၁၀၂) ရဲ့ စစ်ရေးတာဝန်ခံအဖြစ် အဓိကအခန်းကဏ္ဍကနေ တာဝန်ယူခဲ့သူဖြစ်သလို ၂၀၁၅ ခုနှစ်ကာလတွေမှာလည်း မူတြော်ခရိုင် အတွင်းရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုဟာ အသက် ၇၃ နှစ်ရှိပြီး သားသမီး ၅ဦး ကျန်ရစ်ခဲ့ပါတယ်။
အဲဒီအကြောင်းအရာတွေကို ဖော်ပြထားတဲ့ KIC သတင်းဌာနရဲ့ သတင်းလင့်ခ် – https://shorturl.at/qKEy5
ဧရာဝတီ သတင်းဌာနကလည်း ဒုဗိုလ်မှူးကြီး စောကလယ်ဒို လူကြီးရောဂါနဲ့ ကွယ်လွန်ခဲ့တဲ့အကြောင်း ကေအဲန်ယူ အမြဲတမ်း ဗဟိုကော်မတီဝင် ပဒို စောသမိန်ထွန်းကို မေးမြန်းပြီး သတင်းဖော်ပြထားတာတွေ့ရပါတယ်။
ဒုဗိုလ်မှူးကြီး စောကလယ်ဒိုဟာ သွေးတိုး၊ ဆီးချိုရောဂါအခံရှိပြီး ကျန်းမာမကောင်းတာ လေးနှစ်ရှိပြီလို့ ဆိုပါတယ်။ သူဟာ တပ်မဟာမှူးအဆင့်ထိ တက်ဖို့ရှိပေမယ့် ကျန်မာရေးအခြေအနေကြောင့်သာ တပ်မမှူး မဖြစ်ခဲ့တာလို့လည်း ပဒို စောသမိန်ထွန်းက ပြောဆိုထားတာ တွေ့ရပါတယ်။
ဧရာဝတီ သတင်းဌာန ရဲ့ သတင်းလင့်ခ် – https://shorturl.at/9yOsH
ဒုဗိုလ်မှူးကြီး စောကလယ်ဒို ဟာ လူကြီးရောဂါနဲ့ ကွယ်လွန်မှုနဲ့ ပတ်သက်လို့ သံလွင်ခက် သတင်းဌာနကလည်း ကေအဲန်ယူ တပ်မဟာ ၃ ၊ ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်၊ သတင်းပြန်ကြားရေးတာဝန်ခံ စောဝါးမူရဲ့ ပြောကြားချက်ကို အတည်ပြုကာ သတင်းဖော်ပြထားပါတယ်။
သံလွင်ခက်သတင်းဌာနရဲ့ သတင်းလင့်ခ် – https://shorturl.at/sNMKY
◼︎တပ်မဟာ ၅ ဧရိယာမှာ လေကြောင်းတိုက်ခိုက်မှု မရှိ
မေလ ၆ ရက်မှာ တပ်မဟာ ၅ ဧရိယာဝန်းကျင်ကို ဗုံးကြဲခဲ့တဲ့ သတင်းမှတ်တမ်းများကို Google ၊ Facebook နဲ့ တယ်လီဂရမ်ချန်နယ် စတဲ့ ရင်းမြစ်မျိုးစုံမှာ ရှာဖွေကြည့်ရာမှာတော့ ရှာဖွေတွေ့ရှိတာမျိုး မရှိပါဘူး။
မေလ ၆ ရက်မှာ တပ်မဟာ ၅ ဧရိယာကို ရောက်ရှိနေတဲ့ သတင်းရင်းမြစ်တစ်ဦးကလည်း အဲဒီနေ့က လေကြောင်း တိုက်ခိုက်တာ မရှိဘူးလို့ ပြောဆိုပါတယ်။
“၆ ရက်နေ့က ကျွန်မ အဲဒီ (တပ်မဟာ၅) မှာရောက်နေတာ။ (လေကြောင်းတိုက်ခိုက်တာ) မရှိပါဘူး” လို့ သူက ပြောပါတယ်။
ကေဲအန်ယူ (ဗဟို) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ပဒို စောကလယ်စေး ကလည်း မေလ ၆ ရက်က တပ်မဟာ ၅ မှာ ဗုံးကြဲ တိုက်ခိုက်ခံရမှု မရှိသလို ဒုဗိုလ်မှူးကြီး စောကလယ်ဒိုကလည်း လူကြီးရောဂါနဲ့ပဲ ကွယ်လွန်ခဲ့တာလို့ ပြောဆိုပါတယ်။
“လူကြီးရောဂါလို့ပဲပြောရမယ်။ မတ်တပ်ထလိုက်ရင်းနဲ့ လဲကျသွားတာပါ။ အသက်လည်းကြီးတော့၊ သူ့အိမ်မှာပဲ ဖြစ်သွားတယ်။ အဲဒီနေရာမှာ အဲဒီအချိန်က ဘာဗုံးမှလာကြဲတာမရှိဘူး” လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။
ဒုဗိုလ်မှူးကြီး စောကလယ်ဒိုရဲ့ မိသားစုနဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ဦးကလည်း စောကလယ်ဒိုဟာ သွေးတိုနဲ့ ဆီးချိုရောဂါ ရှိပြီး အမြဲကျန်းမာရေးစောင့်ကြည့်မှု ၊ စစ်ဆေးမှုပြုလုပ်နေရတယ်လို့ ပြောပြပါတယ်။
“သူ့(စောကလယ်ဒို) ကျန်းမာရေးကြောင့် ဆေးမှူးတွေက သူ့ကို တစ်နေ့တစ်ခေါက် အမြဲတမ်း Checking လာလုပ်တယ်လေ။ ဆေးမှူးပြန်သွားပြီးတဲ့နောက်ပိုင်း နေ့လယ်ပိုင်းလောက်မှာ ဒီလိုပဲနေရင်းနဲ့ ရုတ်တရက်ဖြစ်သွားတာ” လို့ သူက ဆိုပါတယ်။
◼︎စိစစ်ချက်
မေလ ၆ ရက်နေ့က တပ်မဟာ ၅ ဧရိယာမှာ စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကို တခြားရင်းမြစ်တွေမှာ ရှာဖွေ မတွေ့ရှိသလို စစ်အုပ်စု ဝါဒဖြန့်သူတွေဘက်ကလည်း သက်သေပြ ဖော်ပြထားနိုင်ခဲ့တာမျိုး မတွေ့ရပါဘူး။
ဒုဗိုလ်မှူးကြီး စောကလယ်ဒို ကွယ်လွန်တာကို စစ်အုပ်စု ဝါဒဖြန့်သူတွေက လေကြောင်း တိုက်ခိုက်မှုကြောင့် သေဆုံးတယ်လို့ အချိန်ကိုက် သတင်းအမှားဖြန့်ဖို့ လုပ်ဆောင်ခဲ့တာအဖြစ် စိစစ်တွေ့ရှိရပါတယ်။
အခုလို သတင်းအမှား ဖြန့်ချိတာမျိုးကို စစ်အုပ်စု ဝါဒဖြန့်သူတွေ မကြာခဏ လုပ်ဆောင်လေ့ရှိပါတယ်။
၂၀၂၄ ခုနှစ်က ကော်သူးလေတပ်မတော် (KTLA) ဒုစစ်ဦးစီးချုပ် ဆေးကုသမှုခံယူရင်း ထိုင်းနိုင်ငံက ဆေးရုံတစ်ခုမှာ ကွယ်လွန်တာကိုလည်းလက်နက်ကြီးထိမှန်လို့ဆိုပြီး အချိန်ကိုက်သတင်းမှားဖြန့်ခဲ့ပါသေးတယ်။ အဲဒီဖြန့်ချိမှုနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ဖော်ပြထားတာကို အောက်ဖော်ပြပါလင့်ခ်မှာ ကြည့်နိုင်ပါတယ်။
လင့်ခ် – https://shorturl.at/roZff
စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ KIC နဲ့ Dawei Watch မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။
Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Web- https://myanmarfactcheckingnetwork.org/
Fb- https://www.facebook.com/myanmarfactcheckingnetwork



















