Home သတင်း ပထမဦးဆုံးသော အရှေ့ပိုးကရင် Digital အဘိဓာန်ကို EPKUT အဖွဲ့ စတင်မိတ်ဆက်

ပထမဦးဆုံးသော အရှေ့ပိုးကရင် Digital အဘိဓာန်ကို EPKUT အဖွဲ့ စတင်မိတ်ဆက်

360

မေလ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အရှေ့ပိုးကရင်စာပေ စကားလုံးအသုံးအနှုန်းများကို နည်းပညာဖြင့် လွယ်ကူစွာ ရှာဖွေလေ့လာနိုင်မည့် ပထမဦးဆုံး အရှေ့ပိုးကရင် Digital အဘိဓာန် (Eastern Pwo Karen Dictionary) ကို ယမန်နေ့ (မေလ ၇ ရက်နေ့) တွင် Eastern Pwo Karen Unicode Team (EPKUT) က စတင်မိတ်ဆက်လိုက်သည်။

ကရင်အမျိုးသားများအကြား အရှေ့ပိုးကရင်စာပေ စကားလုံးများကို လက်ကိုင်ဖုန်း သို့မဟုတ် ကွန်ပျူတာဖြင့် အချိန်မရွေး အခမဲ့ ဝင်ရောက်ရှာဖွေနိုင်ရန် ရည်ရွယ်၍ ကရင်လူငယ် အိုင်တီနည်းပညာရှင် များက ရေးဆွဲ၊ တီထွင် အကောင်အထည် ဖော်ဆောင်လိုက်ခြင်း ဖြစ်သည်။

Digital အဘိဓာန် ဖြစ်မြောက်ရေးအတွက် ဦးဆောင်သူဖြစ်သော စအောင်မိုးဟိန်းက ” ကိုယ့်ကရင်လူမျိုးတွေအနေနဲ့ ကရင်လို စကားလုံး အသုံးအနှုန်း အခေါ်အဝေါ်တွေ ရှာရလွယ်ပြီး သိသွားရအောင် တွန်းအားတစ်ခုအနေနဲ့ လုပ်ဆောင်ဖြစ်တာပါ။ အခုက ဝက်ဘ်ဆိုက်အနေနဲ့ အရင်စတာဖြစ်ပြီး နောက်ပိုင်းကျရင် Android, iOS ဖုန်း Application တွေအပြင် Windows နဲ့ macOS ကွန်ပျူတာတွေမှာပါ Install လုပ်ပြီး သုံးလို့ရအောင် ထုတ်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ Digital အဘိဓာန်ထဲတွင် ကရင်၊ မြန်မာ၊ အင်္ဂလိပ် ဘာသာစကား သုံးမျိုးလုံးဖြင့် ရှာဖွေနိုင်ပြီး စကားလုံးတစ်လုံးကို ဘာသာစကား သုံးမျိုးလုံးဖြင့် အဓိပ္ပာယ်များ ပေါ်လာမည့်အပြင် ၎င်းစကားလုံးကို မည်သို့အသုံးပြုရမည်ဆိုသည့် ပုံစံတူ ဝါကျဥပမာများကိုလည်း တစ်ပါးတည်း လေ့လာနိုင်မည် ဖြစ်သည်ကြောင်း စအောင်မိုးဟိန်းက ဆက်ပြောသည်။

လတ်တလောတွင် အဆိုပါအဘိဓာန်၌ စာလုံးရေ ၁၃,၇၀၀ ခန့် ထည့်သွင်းထားကြောင်း၊ နောက်ပိုင်းတွင် အဘိဓာန်စာအုပ်ကြီးများထဲမှ အချက်အလက်များကိုပါ ထပ်မံဖြည့်စွက်သွားရန် အစီအစဉ်ရှိကြောင်း EPKUT ထံမှ သိရသည်။

“အရင်က ကျနော်ဆို ကရင်စကားပြောဖို့ မသိတဲ့ စကားလုံးတချို့ ရဖို့ စာအုပ်ထဲ ပြန်ရှာနေရတော့ အတော်လေးခက်ခဲတယ်။ စာရွက်တစ်ရွက်ချင်း ပြန်လှန်ပြီး ရှာရတာ မလွယ်ဘူး။ အခုက သိချင်တဲ့ စာလုံးကို ရိုက်ထည့်လိုက်ရုံပဲဆိုတော့ ခေတ်မီလာပြီလို့ ပြောလို့ရတယ်။ ကရင်စာပေဟာ အနာဂတ်မှာလည်း ဒေတာတွေ ဆာဗာတွေပေါ်မှာ ရေရှည် တည်တံ့သွားမှာ ဖြစ်တယ်” ဟု ကရင်လူငယ် စောအဲဟိဆိုက ပြောသည်။

ယခု အရှေ့ပိုးကရင် Digital အဘိဓာန်ကို https://easternpwokarenunicodeteam.com/dictionary/ တွင် ဝင်ရောက်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

ထို့အပြင် AI (Artificial Intelligence) နည်းပညာဖြင့် ကရင်ဘာသာပြန်စနစ်များ ကောင်းမွန်စွာ ပေါ်ထွက်လာနိုင်ရန်အတွက် အင်တာနက် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကရင်စာပေကို များများ အသုံးပြု ရေးသားပေးကြရန်လည်း EPKUT အဖွဲ့က တိုက်တွန်းထားသည်။

Eastern Pwo Karen Unicode Team (EPKUT) သည် ယခင်က ကရင်စာစီစာရိုက် သင်ကြားရေး ဆော့ဖ်ဝဲလ် (Typing Tutor) များနှင့် အွန်လိုင်းစာကြည့်တိုက် (Karen Online Library) စသည့် နည်းပညာအခြေပြု စာပေလုပ်ငန်းများကို အခမဲ့ အကောင်အထည်ဖော်ထားသည့် အဖွဲ့လည်းဖြစ်သည်။