Home သတင်း ကွန်ဂိုရှိ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုသည် နိုင်ငံတကာအတွက် စိုးရိမ်စရာဖြစ်ကြောင်း WHO ထုတ်ပြန်

ကွန်ဂိုရှိ အီဘိုလာဗိုင်းရပ်စ် ကူးစက်မှုသည် နိုင်ငံတကာအတွက် စိုးရိမ်စရာဖြစ်ကြောင်း WHO ထုတ်ပြန်

475
Photo: Reuter

မေလ ၁၈ ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) အတွင်း Bundibugyo ဗိုင်းရပ်စ်အမျိုးအစားမှတစ်ဆင့် ပျံ့နှံ့ နေသော အီဘိုလာ (Ebola) ရောဂါကူးစက်မှုသည် လက်ရှိတွင် နိုင်ငံတကာအတွက် စိုးရိမ်စရာ အခြေအနေ (PHEIC) သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာလိုက်သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ မေလ ၁၆ ရက်နေ့ ထုတ်ပြန်ချက်အရ ကွန်ဂိုနိုင်ငံ၊ အီတူရီ ပြည်နယ်အတွင်း အီဘိုလာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၄၆ ဦးအထိ ရှိလာပြီး ၎င်းတို့အနက် သေဆုံးသူ ၈၀ ဦးအထိ ရှိလာကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် ကွန်ဂိုနိုင်ငံရှိ အီတူရီနှင့် မြောက်ကီဗူးပြည်နယ်နှစ်ခုစလုံး၌ အီဘိုလာဗိုင်းရပ်စ် သံသယရှိ သူလူနာများကို ဆက်လက်ဖော်ထုတ်တွေ့ရှိနေရပြီး အဆိုပါရောဂါလက္ခဏာနှင့် ဆင်တူ၍ သေဆုံးမှု များလည်း ရှိနေသည်။ ၎င်းအပြင် ရောဂါတိုက်ဖျက်ရေးတွင် ပါဝင်နေသည့် ကျန်းမာရေးဝန်ထမ်း ၄ ဦးလည်း အီဘိုလာရောဂါလက္ခဏာများဖြင့် သေဆုံးသွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

လတ်တလောတွင် ရောဂါကူးစက်မှု ကွင်းဆက်များနှင့်ပတ်သက်သည့် အချက်အလက်များကို အပြည့် အစုံ မသိရှိရသေးသည့်အပြင် ကွန်ဂိုနိုင်ငံအတွင်း ဖြစ်ပွားနေသော မတည်ငြိမ်သည့် လုံခြုံရေး အခြေအနေများကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

WHO ၏ သုံးသပ်ချက်အရ ကွန်ဂိုနိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော အိမ်နီးချင်းနိုင်ငံများသည် လူထုသွားလာမှု၊ ကုန်သွယ်ရေးနှင့် ခရီးသွားလာမှု ကဏ္ဍများကြောင့် ရောဂါကူးစက်ခံရနိုင်ခြေ အမြင့် ဆုံးတွင် ရှိနေသည်။ သို့သော်လည်း ရောဂါကူးစက်ပြန့်ပွားမှု ကွင်းဆက်များနှင့်ပတ်သက်၍ တိကျသေချာသည့် အခြေအနေကို ဆက်လက်စောင့်ကြည့်နေရဆဲဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် လက်ရှိဒေသတွင်း အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှုနှုန်းသည် ခန့်မှန်းထားသည်ထက် ပိုမိုဆိုးရွားလာနိုင်ခြေရှိကြောင်းလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတိပေး ထုတ်ပြန်ထားသည်။

သို့သော် ရောဂါကူးစက်မှုအန္တရာယ် မြင့်တက်လာနေသော်လည်း ဥရောပအပါအဝင် အခြားသော ဒေသတွင်းနိုင်ငံများသို့ ကူးစက်ပြန့်ပွားနိုင်ခြေ ရှိ၊ မရှိ ဆိုသည့်အချက်ကိုမူ တိတိပပ မသိရသေးပေ။