မေလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ အုန်းဖြန်ဒုက္ခသည်စခန်းအတွင်း အသက်မပြည့်သေးသည့် မယားပါသမီးကို အဓမ္မမ ကျူးလွန်မှုဖြင့် ဖမ်းဆီးထားစဉ် အချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက်သွားသူအား မေလ ၁၅ ရက် (ယမန်နေ့) ညပိုင်းတွင် ပြန်လည်ဖမ်းဆီးရမိကြောင်း သိရသည်။
အုန်းဖြန်ဒုက္ခသည်စခန်းတွင် နေထိုင်သူ ထွန်းဝင်း (ခေါ်) ဝါဟီ ဆိုသူသည် အတူနေဇနီးဖြစ်သူ၏ ယခင်အိမ်ထောင်မှ အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို ကိုယ်ဝန်ရရှိသည်အထိ အဓမ္မပြုကျင့်မှုဖြင့် ပတ်ဝန်းကျင်၏ တိုင်ကြားချက်အရ စခန်းတာဝန်ရှိသူများက မေလ ၁၄ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းသည် ထိုနေ့ ညနေပိုင်းတွင်ပင် စခန်းယာယီ ထိန်းသိမ်းရေးအချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်းဖြစ်သည်။
အုန်းဖြန်တရားရေးတာဝန်ရှိသူနှင့်နီးစပ်သူတစ်ဦးက “တိုင်ကြားတာက ကလေးမလေးရဲ့အမေ မဟုတ်ဘူး။ လင်မယားချင်း ရန်ဖြစ်တဲ့အခါမှာ အိမ်နီးနားချင်းတွေက ကြားသွားတာ။ နောက်ပြီး ကလေးမလေးရဲ့ ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲလာတာကိုပါ တွေ့ရတော့ ပတ်ဝန်းကျင်က သွားတိုင်ကြားလိုက်တာ ဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထွက်ပြေးသွားသူ ထွန်းဝင်းသည် စခန်းပြင်ပသို့ တိမ်းရှောင်ရန် ကြိုးပမ်းခဲ့သော်လည်း ၎င်းနေထိုင်ရာ ရပ်ကွက် (၈)၊ ဇုန် (B) အတွင်း၌ပင် မေလ ၁၅ ရက် ညအချိန်တွင် ပြန်လည်ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အဓမ္မပြုကျင့်ခံရသည့် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်မှာ ကိုယ်ဝန်ဆောင်ထားရပြီး လာမည့် ဩဂုတ်လတွင် မီးဖွားရန် ရက်ချိန်းရှိနေကြောင်း KWO တာဝန်ရှိသူများထံမှ သိရသည်။
အုန်းဖြန်ဒုက္ခသည်စခန်းအတွင်း ယခင်က အိမ်တွင်းအကြမ်းဖက်မှု ဖြစ်စဉ်အချို့ ရှိခဲ့သော်လည်း ယခုကဲ့သို့သော ဆိုးရွားသည့် ကာမဂုဏ်ကျူးလွန်မှုမျိုးမှာ ဖြစ်ခဲကြောင်း စခန်းအတွင်းရှိ အမျိုးသမီးအဖွဲ့အစည်း တာဝန်ရှိသူများက ဆိုသည်။



















