မေ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အရပ်သားအစိုးရလက်ထက်က ကရင်ပြည်နယ်လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးဘိုဘိုဝေမောင်မှာ ယနေ့၊ မေလ (၁၈) ရက်နေ့ မနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဝိတိုရိယ ဆေးရုံကြီး၌ ဆီးချိုရောဂါဖြင့် ကွယ်လွန်သွားကြောင်း မိသားစုဝင်နှင့်ပြည်နယ်အစိုးရအဖွဲ့အသိုင်းအဝိုင်းမှ သိရသည်။
စစ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲ၌ ကြာအင်းဆိပ်ကြီးမြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ကိုယ်စားပြု ပါဝင်ယှဥ်ပြိုင် အနိုင်ရထားသည့် ဦးဘိုဘိုဝေမောင်မှာ ဝိတိုရိယ ဆေးရုံတွင် ဆီးချိုကြောင့် ဆေးကုသမှုခံယူနေခြင်းဖြစ်သည်။
ယနေ့ နံနက်ပိုင်းတွင် ရုတ်တရက်ဆီးချိုမြင့်တက်ရာမှ နှလုံးထိခိုက်၍ ဆေးရုံပေါ်တွင်သာ ကွယ်လွန်သွားသည်ဟု ဦးဘိုဘိုဝေမောင်နှင့်နီးစပ်သူတစ်ဦးက ပြောသည်။
“ဒီမနက်ပဲ ဆေးရုံမှာဆီးချိုဆောင့်တက်ပြီး နှလုံးထိခိုက်ပြီး ဆုံးတယ်ကြားပါတယ်။ စိတ်မကောင်းဖြစ်ရပါတယ်။ ကရင်ပြည်နယ်အတွက် တိုင်းပြည်အတွက် အကောင်းဆုံးလုပ်ခဲ့တဲ့ ခေတ်ပညာတတ် လူငယ်ခေါင်းဆောင်တစ်ယောက်ပါ” ဟု အဆိုပါနီးစပ်သူက ပြောသည်။
သူ၏ဈာပနအား လာမည့် မေလ(၂၀)ရက်နေ့တွင် ပြုလုပ်သွားမည်ဟုလည်း ၎င်းကဖြည့်စွက်ပြောသည်။
ဦးဘိုဘိုဝေမောင်သည် ၂၀၁၉ ခုနှစ် မေလတွင် ကရင်ပြည်နယ် လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာတင်ဝင်းကျော် ကျန်းမာရေးအခြေအနေအရ တာဝန်မှအနားယူခဲ့ပြီးနောက် ကရင်ပြည်နယ်လွတ်တော်မှ ပြည်နယ်လူမှုရေးရာဝန်ကြီးအဖြစ် အစားထိုးခန့်အပ်ခြင်းခံခဲ့ရသူဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းတွင်လည်း ရောဂါကာကွယ်ကုသရေးအစီအစဉ်များ တက်တက်ကြွကြွ လုပ်ဆောင်ခဲ့ကြောင်း သူ၏မိတ်ဆွေများက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် အနိုင်ရ၍ ကြာအင်းဆိပ်ကြီးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံထားရသော်လည်း အာဏာသိမ်းဖြစ်စဉ်ကြောင့် ဦးဘိုဘိုဝေမောင်အား ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၂၆)ရက်တွင် ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဖြင့် စစ်အုပ်စုက ထောင်ဒဏ်(၂)နှစ် ချမှတ်ခဲ့သည်။
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့တွင် ထောင်မှပြန်လည်လွတ်မြောက်လာသည့် ဦးဘိုဘိုဝေမောင်မှာ ကွယ်လွန်ချိန်တွင် အသက် (၄၅) နှစ်ဝန်းကျင်ရှိသာ ရှိသေးကြောင်း ၎င်းနှင့်နီးစပ်သူများထံမှ သိရသည်။



















