မေ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ချက်သမ္မတနိုင်ငံက အရပ်ဘက်ဆိုင်ရာအသုံးပြုရန်ရည်ရွယ်ပြီး မြန်မာသို့ပေးပို့ခဲ့သည့် Let L410 လေယာဥ်များကို စစ်အုပ်စုက လေကြောင်းစစ်ဆင်တိုက်ခိုက်မှုများတွင် အသုံးချနေမှုအပေါ် အရေးယူပေးရန် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု-BMC က ချက်နိုင်ငံအစိုးရထံ တောင်းဆိုသည်။
BMC ၏ ယနေ့ မေလ(၁၃)ရက်နေ့ထုတ်ပြန်ချက်တွင် ချက်နိုင်ငံက အဆိုပါလေယာဥ်များအား မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း(MAI) သို့ အရပ်ဖက်သုံးဖို့ ပေးပို့ခဲ့ခြင်းဖြစ်သော်လည်း မြန်မာစစ်အုပ်စုလေတပ်(MAF)က အသုံးပြုနေသည်ဟု ဆိုသည်။
ဒေတာများဖြင့် အချက်အလက်စိစစ်ပြထားသည့် Myanmar Witness ၏ အစီရင်ခံစာအရ ၂၀၂၄-၂၀၂၆ ခုနှစ်အတွင်း ချက်နိုင်ငံထုတ် Let L410 လေယာဥ်(၅)စီးကို Kunovice လေဆိပ်မှ မြန်မာကိုလွှဲပြောင်းပေးခဲ့ခြင်းဖြစ်သည်။ ၎င်းအနက် တစ်စီးကို စစ်အုပ်စုလေတပ်သာရှိသည့် မှော်ဘီလေတပ်စခန်းတွင် ခြေရာခံမိခဲ့ကြောင်း BMC က ကိုးကားဖော်ပြသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလကလည်း ကရင်ပြည်နယ်၊ မြဝတီတောင်ပိုင်းရှိ ဝေါလေဒေသအတွင်းသို့ အဆိုပါလေယာဥ်အမျိုးအစား ချဥ်းကပ်လာကြောင်း တွေ့ရသည်ဟုဆိုသည်။
ထို့အပြင် BMC ၏ လေကြောင်းခြေရာခံမှုအချက်အလက်များအရ စစ်အုပ်စုက ၎င်းလေယာဥ်များအား ပုသိမ်လေတပ်စခန်းနှင့် တံတားဦးလေတပ်စခန်းတို့တွင် အသုံးပြုမှုရှိခဲ့ကြောင်း ဖော်ပြသည်။ လေ့ကျင့်ရေး၊ သယ်ယူပို့ဆောင်ရေးတို့အတွက် ခန့်မှန်းခြေ လေယာဥ်ပျံသန်းချိန် စုစုပေါင်း(၁၃)နာရီထက်မနည်းကြာ သုံးစွဲခဲ့ခြင်းဖြစ်သည်ဟု BMC က ဆိုသည်။
ယင်းကြောင့် ချက်နိုင်ငံအစိုးရနှင့် လေကြောင်းလုပ်ငန်း Omnipol ကုမ္ပဏီတို့အနေဖြင့် ဥရောသမဂ္ဂ(EU)မှချမှတ်ထားသော စစ်လက်နက်ပိတ်ပင်ရောင်းချမှုပိတ်ပင်ရေး ပြဌာန်းချက်များကို ချိုးဖောက်ရာရောက်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ထောက်ပြသည်။
အရပ်ဘက်သုံးလေယာဥ်များ စစ်ဘက်တွင်အသုံးပြုနေခြင်းအပေါ် စစ်အုပ်စုကို အရေးယူရမည်ဖြစ်သလို မြန်မာကိုပို့ဆောင်နေသော၊ ပို့ရန်စီစဥ်နေသော လေယာဥ်များကိုပါ ရပ်တန့်ပေးရန်ဖြစ်ကြောင်းလည်း BMC က ချက်နိုင်ငံအစိုးရသို့ တဆက်တည်းတောင်းဆိုထားသည်။
BMC သည် မြန်မာစစ်အုပ်စုထံသို့ လေယာဥ်ဆီနှင့် စစ်လက်နက်များ နိုင်ငံတကာလမ်းကြောင်းဖြင့် ဝင်ရောက်နေခြင်းကို ပိတ်ပင်တားဆီးရန်၊ စစ်အုပ်စုကလေကြောင်းအသုံးပြုပြီး ပြည်သူအပေါ်တိုက်ခိုက်နေခြင်းကို အများသိရန် တက်ကြွလှုပ်ရှားနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ မှတ်တမ်းများအရ စစ်အုပ်စုက ၎င်းတို့အာဏာသိမ်းချိန်မှ ယခု ၂၀၂၆ ခုနှစ် မတ်လအထိ နိုင်ငံတစ်ဝှမ်းလေကြောင်းတိုက်ခိုက်မှု (၇,၀၀၀)နီးပါး လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ကိုယ်ဝန်ဆောင်နှင့်ကလေးငယ်များအပါအဝင် အရပ်သား(၄,၂၉၉)ဦးသေဆုံးပြီး (၇,၅၅၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။



















