အနာဂတ်အိပ်မက်ကို ဗုံးကြဲဖျက်ဆီးလို့မရကြောင်း သက်သေပြခဲ့သူ စောထွန်းနိုင်ဝင်း
နန်းသမော့ဟိ
(မေလ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်)
အတည်တကျမရှိဘဲ ခဏခဏရွှေ့နေရတဲ့ စာသင်ခန်း၊ နားထဲ အမြဲလိုလို ကြားနေရတဲ့ လက်နက်ကြီးသံနဲ့ ကောင်းကင်ယံက ဝဲပျံလာတတ်တဲ့ စစ်လေယာဉ်၊ ဒရုန်းသံတွေ။ ဒါတွေဟာ ဒီနေ့ခေတ် ကရင်စစ်ဘေးရှောင်ဒေသက ကျောင်းသားလူငယ်တွေ နေ့စဉ်ရင်ဆိုင်နေရတဲ့ လက်တွေ့ဘဝ ဖြစ်ပါတယ်။
သာမန်အခြေအနေမျိုးမှာတောင် အထက်တန်းစာမေးပွဲကို ထူးထူးချွန်ချွန် အောင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါပေမဲ့ စစ်ပွဲတွေကြား၊ သေနတ်သံတွေကြားမှာ ပြေးလွှားတိမ်းရှောင်ရင်းနဲ့ Grade-12 စာမေးပွဲ Top Ten စာရင်းမှာ ပထမအဆင့်အထိ ရရှိခဲ့တဲ့ လူငယ်တစ်ယောက် ရှိပါတယ်။ သူကတော့ အသက် ၁၇ နှစ်အရွယ် စောထွန်းနိုင်ဝင်း ဖြစ်ပါတယ်။
ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန (KECD) က ကျင်းပတဲ့ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အထက်တန်းစာမေးပွဲမှာ သူဟာ ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ခရိုင် (၇) ခရိုင်က အထက်တန်း (Grade 12) ကျောင်းသားတွေအနက် ပထမအဆင့် (အဆင့် ၁) ကို ဆွတ်ခူးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ အောင်မြင်မှုနောက်ကွယ်မှာတော့ တိတ်တိတ်ဆိတ်ဆိတ် စာကျက်ခဲ့ရတဲ့ စာသင်ခန်းတွေ မရှိခဲ့ပါဘူး။ အမြောက်သံ၊ လေယာဉ်သံ၊ ဒရုန်းသံတွေကြားမှာပဲ သူ့ရဲ့ ပညာရေးခရီးကို မဆုတ်မနစ် ဆက်ခဲ့ရတာပါ။
စောထွန်းနိုင်ဝင်းဟာ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ မနီးမဝေးမှာရှိတဲ့ အံဖလေးကျေးရွာက သာမန်မိသားစုတစ်ခုကနေ ပေါက်ဖွားလာခဲ့သူ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း အာရှလမ်းမကြီးပေါ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အောင်ဇေယျစစ်ကြောင်းနဲ့ နယ်မြေခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ အလွန်ပြင်းထန်ခဲ့စဉ်က သူတို့ကျေးရွာဟာ လေကြောင်းရန်နဲ့ ဒရုန်းဗုံးကြဲမှုဒဏ်တွေကို တစိုက်မတ်မတ် ကြုံတွေ့ခဲ့ရပါတယ်။
“တခါတလေ စာသင်ရတာလည်း တနေ့လုံး ကျောင်းမတက်ရတဲ့နေ့တွေ ရှိတယ်။ သေနတ်သံမြည်လာလို့ လေယာဉ်တက်လာပြီဆိုရင် ကျောင်းပိတ်ရပြီ၊ စာသင်လို့မရတော့ဘူး။ သင်ခန်းစာ ပြီးတဲ့အထိ တခါတလေ မသင်လိုက်ရဘူး။ အဲဒီလို အခြေအနေတွေကြောင့် ဘန်ကာထဲတွေ၊ အိမ်အောက်တွေမှာ ဝင်ပြီး စာကို ဆက်လေ့လာရတယ်။ သေနတ်သံတွေ အရမ်းမြည်လာရင်လည်း စာသင်ရတာ မပျော်ဘူးလေနော်” လို့ စောထွန်းနိုင်ဝင်းက တိုက်ပွဲကြားက သူ့ရဲ့ပညာသင်ဘဝကို ပြန်ပြောင်းပြောပြပါတယ်။
သူ့အတွက် ကျောင်းတော်ဆိုတာ စာသင်ခန်းထဲမှာ အတည်တကျ ရှိမနေခဲ့ပါဘူး။ အမြောက်သံ၊ လေယာဉ်သံနဲ့ ဒရုန်းသံတွေကြားမှာ အသက်ရှင်သန်ရေးနဲ့ ပညာသင်ကြားရေးကို ဒွန်တွဲလုပ်ဆောင်ရင်း အိမ်အောက်တွေ၊ သစ်ရိပ်ဝါးရိပ်အောက်တွေမှာ ၁၀ ကြိမ်မက ရွှေ့ပြောင်းရင်းနဲ့ပဲ ဒီစာသင်နှစ်ကို ဖြတ်သန်းခဲ့ရတာ ဖြစ်ပါတယ်။ စစ်ရှောင်ရင်း နေရာ ၁၀ ကြိမ်ထက်မနည်း ပြောင်းရွှေ့ခဲ့ရပေမယ့် သူက စာမလွှတ်ခဲ့ပါဘူး။
ဒါ့အပြင် စစ်ဘေးဒဏ်ခံရတဲ့ ဒေသက ကျောင်းသားတွေအတွက် အခက်အခဲက သေနတ်သံတင် မဟုတ်ပါဘူး။ ဆရာ၊ ဆရာမ မလုံလောက်တာ၊ သင်ထောက်ကူပစ္စည်း ရှားပါးတာနဲ့ ကျောင်းပုံမှန် မဖွင့်လှစ်နိုင်တာတွေကိုလည်း ကြုံတွေ့ကြရပါတယ်။
ဒူးပလာယာခရိုင် KECD တာဝန်ခံ နော်ဖောသေ့ဒေးကတော့ “ စိုးရိမ်ရတဲ့ အခြေအနေအောက်မှာ နေကြရတော့ တချို့ကျ ကျောင်းတွေမှာ စာမသင်နိုင်ကြဘူး။ သူများအိမ်တွေမှာ စာလိုက်သင်ရတယ်။ နွေပေါက်လာရင်တော့ သစ်ပင်အောက်တွေမှာ လိုက်သင်ရတယ်။ တခါတလေ အိမ်တွေမှာ စာလိုက်သင်တော့ အိမ်ရှင်တွေက (အန္တရာယ်ကြောင့်) လက်မခံရဲတာတွေလည်း ကြုံရတယ်။ ဒီလို အခက်အခဲ အခြေအနေမျိုးစုံကြားမှာ Top Ten ရသွားတဲ့ ကလေးတွေကိုတော့ ဂုဏ်မယူဘဲနဲ့တော့ မနေနိုင်ဘူး” လို့ ပြောပါတယ်။

ဒီလို အဆင်မပြေမှုတွေကြားကနေ ပထမအဆင့် ရရှိခဲ့တဲ့အပေါ် စောထွန်းနိုင်ဝင်းကတော့ သူတစ်ဦးတည်းရဲ့ ကြိုးစားမှုကြောင့် မဟုတ်ဘဲ ခြေဦးတည့်ရာ စာလိုက်သင်ပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေရဲ့ ပေးဆပ်မှု၊ ဒေသခံကျေးရွာသားတွေရဲ့ ဝိုင်းဝန်းကူညီပေးမှုတွေကြောင့်သာ ဖြစ်တယ်လို့ နှိမ့်ချစွာ ဆိုပါတယ်။
ပြီးခဲ့တဲ့ ပညာသင်နှစ်မှာ ဒူးပလာယာခရိုင်က Grade-12 ကျောင်းသား ၄၈၀ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ၃၂၈ ဦး အောင်မြင်ခဲ့ပါတယ်။ ခရိုင် (၇) ခုလုံးရဲ့ Top Ten ဝင်တဲ့ ၁၀ ယောက်ထဲမှာ ၄ ယောက်အထိ ဒူးပလာယာခရိုင်က ပါဝင်လာခဲ့တာဟာလည်း ဒေသတွင်း ပညာရေးစိတ်ဓာတ်ကို သက်သေပြနေတာ ဖြစ်ပါတယ်။
တဖက်မှာလည်း သားသမီးတွေ အခုလို စစ်မီးကြား ပညာသင်နေရတဲ့အပေါ် အုပ်ထိန်းသူ မိဘတွေမှာလည်း စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။
“ကျနော်တို့ နေရာမှာ စစ်ရေးအရ ပြန်ကြည့်မယ်ဆိုရင် အခက်အခဲတွေ အများကြီး ရှိတယ်။ လေယာဉ်၊ လက်နက်ကြီး၊ ဒရုန်းတို့ လာနိုင်တော့ အမြဲစိတ်ပူရတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကလေးတွေရဲ့ ပညာရေးကိုတော့ ဦးစားပေးထားတယ်” လို့ စောထွန်းနိုင်ဝင်းရဲ့ ဖခင်ဖြစ်သူက ဆိုပါတယ်။
ပတ်ဝန်းကျင်ကို အပြစ်မတင်ဘဲ မိမိရည်မှန်းချက်အတွက် ရုန်းကန်ချင်တဲ့ ယနေ့ခေတ် လူငယ်တွေအတွက် စောထွန်းနိုင်ဝင်းက ခွန်အားဖြစ်စရာ စကားတစ်ခွန်း ဆိုခဲ့ပါသေးတယ်။
“အောင်မြင်မှုရဖို့အတွက် ဆင်ခြေပေးနေစရာမလိုဘဲ ရည်မှန်းချက်ရှိတဲ့အတိုင်း ကြိုးစားလုပ်ဆောင်ခဲ့တာကြောင့်လည်း အခုလို ခက်ခဲတဲ့အခြေအနေတွေကို ကျော်ဖြတ်နိုင်ခဲ့တာပါ ” လို့ သူက ဆိုပါတယ်။
တိုင်းပြည်ရဲ့ ဆိုးရွားလှတဲ့ ပဋိပက္ခတွေကြားထဲမှာ ကျောင်းသားလူငယ်ပေါင်းများစွာဟာ စာအုပ်တစ်ဖက်၊ သေနတ်သံတစ်ဖက်နဲ့ ပညာရေးကို ရုန်းကန်နေကြရဆဲပါ။ စစ်ပွဲတွေက ကျောင်းဆောင်တွေကို ဖျက်ဆီးနိုင်ပေမယ့် လူငယ်တွေရဲ့ ပညာလိုချင်တဲ့စိတ်နဲ့ အနာဂတ်အိပ်မက်တွေကိုတော့ ဗုံးကြဲဖျက်ဆီးလို့ မရဘူးဆိုတာကို စောထွန်းနိုင်ဝင်းက သက်သေပြခဲ့ပါတယ်။



















