Home သတင်း လောင်းလုံးမြို့နယ် အောက်ပိုင်းရွာများသို့ စစ်အုပ်စုစစ်ကြောင်းထိုးနေ၍ ဒေသခံများ အချိန်ပိုင်းစစ်ရှောင်နေရ

လောင်းလုံးမြို့နယ် အောက်ပိုင်းရွာများသို့ စစ်အုပ်စုစစ်ကြောင်းထိုးနေ၍ ဒေသခံများ အချိန်ပိုင်းစစ်ရှောင်နေရ

340
Photo: CJ (လောင်းလုံးမြို့နယ်ရှိစစ်ရှောင်များ-ပုံဟောင်း)

မေ (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အောက်ဘက်ပိုင်းရှိ ကျေးရွာများတွင် ပြီးခဲ့သည့် မေလ(၂၂)ရက်နေ့ကတည်းက စစ်အုပ်စုစစ်ကြောင်းထိုးနေ၍ အချိန်ပိုင်းစစ်ရှောင်နေရကြောင်း ဒေသခံသတင်းအရင်းအမြစ်ပြောပြချက်အရ သိရသည်။

လောင်းလုံးမြို့ပေါ်မှ အင်အား(၁၀၀)ကျော်ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်အုပ်စုတပ်ဖွဲ့များမှာ စစ်ပြဲကျေးရွာသို့ မေလ(၂၂)ရက်၊ မနက်ပိုင်းက စတင်ရောက်ရှိလာသည်။ နောက်တစ်နေ့ မေလ(၂၃)ရက်တွင် ဂေါ့အင်းကျေးရွာမှ ညင်းမော်၊ ညင်းကုန်းရွာများသို့ ဆက်လက်ဝင်ရောက်လာ၍ စစ်ကြောင်းဝင်ထွက်သွားလာသည့်ရွာများ အချိန်ပိုင်းစစ်ရှောင်နေရခြင်းဖြစ်သည်ဟု ဆိုသည်။

“အချိန်ပိုင်းစစ်ရှောင်ဆိုတာ စစ်ကြောင်းက ဂေါ့အင်းတို့ရေဖြူတို့ကို ရောက်တယ်ဆိုရင် အဲဒီဘက်မှာစစ်ရှောင်ကြတယ်။ တခြားရွာကူးသွားပြီဆိုရင်တော့ အိမ်ပြန်နေကြပြီ အဲ့လိုပေါ့။ အခု ပတ်ဝန်းကျင်ရွာတွေဆို ရွာလုံးကျွတ် ထွက်ပြေးကြတာရှိတယ်။ ဘုန်းကြီးကျောင်းမှာ ဆွေမျိုးတွေဆီမှာ တချို့ကလည်း လယ်တဲမှာ သွားရှောင်တဲ့သူရှောင်ပေါ့။” ဟု လောင်းလုံးမြို့နယ်နေ အမျိုးသားတစ်ဦးက ပြောသည်။

ဒေသခံများထံစုံစမ်းချက်အရ ယနေ့ မေလ(၂၅)ရက်နေ့အထိ စစ်အုပ်စု စစ်ကြောင်းဝင်လာသည်မှာ သုံးရက်မြောက်နေ့ရှိပြီဖြစ်သော်လည်း နောက်ကြောင်းမပြန်သေးဘဲ ညင်းမော်ရွာတွင် အထိုင်ချနေကြောင်း သိရသည်။ ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့များဖြင့်လည်း ပစ်ခတ်မှုဖြစ်ပွားလျက်ရှိသည်။

ဖော်ပြပါ အမျိုးသားက ဆက်လက်၍ “စစ်ကြောင်းကအခုထိမထွက်သေးဘူး။ မနေ့ကတော့ ပစ်ကြခတ်ကြတာရှိတယ် ဒီဘက်(တော်လှန်ရေးအင်အားစု)ကလည်း Drop ဗုံးတွေနဲ့သွားချတယ်လို့ကြားတယ်။ ဒီနေ့ပြန်ငြိမ်နေကြတယ်” ဟု ကေအိုင်စီကို ပြောသည်။

Photo: CJ (လောင်းလုံးမြို့နယ်ရှိစစ်ရှောင်များ-ပုံဟောင်း)

လောင်းလုံးမြို့နယ်အောက်ပိုင်းသို့ စစ်ကြောင်းဝင်လာမှုနှင့်ပတ်သက်၍ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်း ဒေသခံများ သတိပြုနေကြဖို့ မေလ(၂၃)ရက်နေ့က သတိပေးထုတ်ပြန်ထားခြင်းရှိသည်။

စစ်အုပ်စုတပ်ဖွဲ့ဝင်ရောက်လာသော ကျေးရွာများတစ်လျှောက်ရှိ ပြည်သူလူထုအနေဖြင့် ကြိုတင်တိမ်းရှောင်ကြရန်လိုအပ်သလို အဖိုးတန်ပစ္စည်းနှင့်စာရွက်စာတမ်းများကို လုံခြုံစိတ်ချရသည့်နေရာတွင် သိမ်းဆည်းထားကြရန် လိုအပ်သည်ဟု အုပ်ချုပ်ရေးအဖွဲ့ကဆိုသည်။

ထို့အတူ စစ်ကြောင်းနှင့်ထိပ်တိုက်မတွေ့ရန် အသွားအလာသတိပြု၍ စစ်ရေးသတင်းကိုနားစွင့်ထားကြဖို့လည်း သတိပေးထုတ်ပြန်ထားသည်။

လောင်းလုံးအောက်ဘက်ရှိ ကျေးရွာများမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စု၏ စစ်ကြောင်းထိုးလှုပ်ရှားမှု အကြိမ်ကြိမ်လုပ်ဆောင်ခြင်းကြောင့် စစ်ရှောင်အခြေအနေ အများအပြားရှိခဲ့သော ရွာများဖြစ်သည်။ ယင်းကာလအတွင်း နယ်မြေရှင်းလင်းပစ်ခတ်မှုကြောင့်ဖြစ်စေ၊ နှစ်ဖက်ထိတွေ့တိုက်ပွဲကြောင့်ဖြစ်စေ စစ်အုပ်စု၏ လေကြောင်းနှင့် လက်နက်ကြီးတိုက်ခိုက်မှုဒဏ် မကြာခဏထိခိုက်ခံစားရကြောင်းလည်း ဒေသသတင်းအရင်းအမြစ်များမှ သိရသည်။