မေလ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံမြောက်ပိုင်း တာ့ခ်(Tak) ခရိုင်အပါအဝင် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်ရှိ ဒေသများတွင် မေလ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းနိုင်ပြီး ရုတ်တရက်ရေကြီးမှုများ ဖြစ်ပေါ်လာနိုင်သောကြောင့် ဒေသခံများ အထူးသတိပြု နေထိုင်ကြရန် ထိုင်းမိုးလေဝသနှင့် ဇလဗေဒဌာနက သတိပေးထုတ်ပြန်ထားသည်။
ထိုင်းမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မဲဟောင်ဆောင်(Mae Hong Son)၊ ချင်းမိုင်(Chiang Mai)၊ ချင်းရိုင်(Chiang Rai)၊ လန်ဖွန်(Lamphun)၊ လန်ပန်း(Lampang)၊ တာ့ခ်(Tak)၊ ဖိစနုလု(Phitsanulok)နှင့် ဖက်ချာဘွန်(Phetchabun) စသည့် ခရိုင်များတွင် မိုးရွာသွန်းမှု ပိုမိုများပြားနိုင်ကြောင်း ဖော်ပြထားသည်။
အထူးသဖြင့် မြန်မာနိုင်ငံနှင့် ထိစပ်နေသည့် တာ့ခ်၊ မဲဟောင်ဆောင်နှင့် ချင်းမိုင်ခရိုင်များတွင် မေလ ၁၈ ရက်နေ့အထိ မိုးကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးထားသည်။
ထို့အပြင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးခြင်း၊ တောင်ကျချောင်းရေစီးဆင်းခြင်းနှင့် မြေပြိုခြင်းအန္တရာယ်များ ဖြစ်ပေါ်နိုင်သဖြင့် တောင်စောင်းအနီးနှင့် မြေနိမ့်ပိုင်းဒေသများတွင် နေထိုင်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြရန်လည်း နှိုးဆော်ထားသည်။
ထို့အတူ နယ်စပ်တစ်လျှောက်ရှိ စိုက်ပျိုးရေးလုပ်ကိုင်ကြသည့် ဒေသခံ တောင်သူလယ်သမားများအနေဖြင့်လည်း ၎င်းတို့၏ စိုက်ပျိုးခင်းများနှင့် မွေးမြူရေးတိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရန် တိုက်တွန်းထားကြောင်း သိရသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ တာ့ခ်နှင့် မဲဟောင်ဆောင်ခရိုင်အတွင်းရှိ ကရင်ဒုက္ခသည်စခန်းများနှင့် စစ်ဘေးရှောင်စခန်းအချို့မှာ တောင်စောင်းများနှင့် ချောင်းအနီးတွင် တည်ရှိပြီး ယခုလို မိုးသည်းထန်စွာ ရွာသွန်းသည့်ကာလများတွင် မြေပြိုခြင်းနှင့် ရေကြီးခြင်းအန္တရာယ်များကို နှစ်စဉ်ကြုံတွေ့ရလေ့ရှိကြောင်း ဒေသခံများက ပြောသည်။



















