မနိုင်ဝန်ကို ဆက်လက်ထမ်းနေရတဲ့ နယ်စပ်ဒုက္ခသည်စခန်းက ပညာရေး
နန်းဝေဖြိုးဇာ
(မေလ ၂၀ ရက်၊ ၂၀၂၆ခုနှစ်)
ကျောင်းသုံးသင်ထောက်ကူပစ္စည်းတွေလုံလောက်မှုမရှိတဲ့ကြားကပဲ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဒုက္ခသည် စခန်းထဲမှာရှိတဲ့ စာသင်ကျောင်းတွေဟာ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ပြီး စာသင်နှစ်တစ်နှစ်ပြီးတစ်နှစ် ရုန်းကန်ဖြတ်သန်းခဲ့ကြရပါတယ်။
ဒုက္ခသည်စခန်းက စာသင်ကျောင်းတွေဟာ ပြည့်စုံလုံလောက်တဲ့ သင်ကြားရေးဝန်းကျင် မရှိပေမယ့်လည်း ယိုင်နဲ့နဲ့ခြေလှမ်းတွေနဲ့ပဲ ပညာရေးခရီးကို ဆက်လျှောက်နေကြရတာပါ။
ဒါပေမဲ့ လက်ရှိမှာတော့ မြန်မာပြည်တွင်းကနေ ရွှေ့ပြောင်းလာပြီး ကျောင်းလာအပ်တဲ့ ကျောင်းသူ၊ ကျောင်းသားဦးရေဟာ သတ်မှတ်ထားတာထက် သိသိသာသာကို ကျော်လွန်များပြားလာတဲ့အတွက် ဒုက္ခသည်စခန်းပညာရေးဟာ မနိုင်ဝန်ကို ထမ်းနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။
“အဓိက ပြည်တွင်းမတည်ငြိမ်မှုကြောင့် ဒီဒုက္ခသည်စခန်းမှာ ကလေးလူဦးရေ တိုးလာတယ်။ ကျမ ကျောင်းမှာဆိုရင် ကျောင်းဖွင့်ခါစက အသစ်လာအပ်တဲ့ ကလေးတွေ အရမ်းများလာတော့ နေရာမရှိ တော့ဘူး။ အဲဒါကြောင့် တခြားကျောင်းတွေမှာ သွားပြောင်းအပ်ဖို့အထိ ပြောခဲ့ရတဲ့ အခြေအနေရှိတယ်” နို့ဖိုးဒုက္ခသည်စခန်းက ကျောင်းဆရာမ နော်တာအယ်ရှီးက လတ်တလော ကြုံတွေ့ရတဲ့အခြေအနေကို ပြောပြပါတယ်။
ကျောင်းသားဦးရေ အဆမတန် တိုးပွားလာတဲ့အချိန်မှာပဲ ဒုက္ခသည်စခန်းတွေထဲက ပညာရေး၊ ရိက္ခာနဲ့ ကျန်းမာရေးဆိုင်ရာ နိုင်ငံတကာထောက်ပံ့မှုတွေကလည်း တစ်ပြိုင်နက်တည်း လျှော့ချခံနေရပါတယ်။
မြန်မာပြည်တွင်း ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းဒေသမှာလည်း တခြားဒေသ တွေနည်းတူ စစ်မီးပြန့်ပွားလာပြီး အရပ်သားနေအိမ်တွေနဲ့ စာသင်ကျောင်းတွေဟာ အာဏာသိမ်း စစ်အုပ်စုရဲ့ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေကို နေ့စဉ်လိုလို ခံနေရတာပါ။
တိုက်ပွဲပြင်းထန်တဲ့ အချို့ကျေးရွာတွေမှာ ရွာလုံးကျွတ် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေရသလို ရွာမှာ ကျန်ရစ်ခဲ့တဲ့ ကလေးငယ်တွေရဲ့ စာသင်ကျောင်းဆောင်တွေလည်း ပစ်မှတ်ထား ဖျက်ဆီးခံခဲ့ရပါတယ်။
ဒါတင်မကသေးပါဘူး။ လူနေအိမ်တွေမှာ ပြောင်းရွှေ့ပြီး ယာယီစာသင်ကြားတာတွေ လုပ်ခဲ့ ပေမယ့်လည်း အဲဒီအရပ်သားနေအိမ်တွေအထိ အာဏာသိမ်း စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတာ၊ ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကို လုပ်ဆောင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ ၆၀ ကီလိုမီတာ အကွာမှာရှိတဲ့ မယ်လဒုက္ခသည်စခန်းမှာ နဝမ(ရှစ်တန်း)တက်နေတဲ့ သမီးဖြစ်သူကို လာရောက်ကျောင်းထားရတဲ့ ကော့ကရိတ်မြို့နယ်က မိခင်တစ်ဦးဖြစ်သူ နော်ဒါးအဲ့ကလည်း အခုလို ရင်ဖွင့်လာပါတယ်။
“ရွာမှာ ကျောင်းတွေမှမဖွင့်တော့တာ၊ ကလေးတွေ တက်ဖို့ ကျောင်းမရှိတော့ဘူး။ တခြားနေရာမှာ ကျတော့လည်း အသိအကျွမ်းမရှိတော့ ရွေးချယ်စရာက ဒီဒုက္ခသည်စခန်းပဲ ရှိတော့တယ်” သူမက ပြောပြပါတယ်။
ပြည်တွင်းစစ်ကြောင့် စာသင်အရွယ် ကလေးငယ်တွေ ပညာသင်ကြားခွင့် ဆုံးရှုံးလာရပြီးနောက် မိဘတွေနဲ့ ကလေးတွေဟာ ရွေးချယ်စရာမရှိတဲ့အဆုံး ပညာသင်ယူခွင့်ရဖို့အတွက် နီးစပ်ရာ နယ်စပ်ဒုက္ခသည်စခန်းတွေကိုပဲ အားကိုးပြီး လာရောက်ပညာသင်ယူနေကြရတာပါ။
ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ဒုက္ခသည်စခန်းကို ရောက်လာသူတိုင်းဟာ ဒုက္ခကိုယ်စီနဲ့ ရောက် လာကြသူတွေဖြစ်လို့ စခန်းတာဝန်ရှိသူတွေနဲ့ ကျောင်းတွေဘက်ကလည်း လျစ်လျူမရှုရက်ဘဲ လက်ခံပေးနေရပါတယ်။
လက်ရှိမှာ ထိုင်း-မြန်မာနယ်စပ်တလျှောက် ဒုက္ခသည်စခန်း (၉) ခုရှိတဲ့အနက် (၇) ခုမှာ ကရင်ဒုက္ခသည်အများစု နေထိုင်ကြပြီး ကျန်တဲ့ (၂) ခုမှာတော့ ကရင်နီဒုက္ခသည်အများစု ခိုလှုံနေကြတာပါ။
မြန်မာပြည်အရှေ့တောင်ပိုင်းဒေသက ပညာရေးဆုံးရှုံးနေရတဲ့ ကလေးငယ်တွေအတွက်တော့ ဒီ ဒုက္ခသည်စခန်းတွေဟာ သူတို့အတွက် လုံခြုံစွာ ပညာသင်ကြားနိုင်တဲ့ တစ်ခုတည်းသော အရိပ်အာဝါသ ဖြစ်နေပါတယ်။
စစ်တပ်အာဏာမသိမ်းခင်က ဒုက္ခသည်စခန်းထဲက ကလေးအရေအတွက်နဲ့ပဲ လုံလောက်မှုရှိခဲ့တဲ့ စာသင်ကျောင်းဆောင်တွေဟာ စစ်အာဏာသိမ်းပြီး (၂) နှစ်ကျော်ကာလအတွင်းမှာ ကျောင်းလာတက်တဲ့ ကျောင်းသားဦးရေ သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။
ကျောင်းသားဦးရေ များပြားလာပေမယ့် စာသင်ကျောင်းဆောင်၊ သင်ထောက်ကူပစ္စည်းနဲ့ ကျောင်းဆရာ၊ ဆရာမအင်အားက လုံလောက်မှုမရှိတာကြောင့် စာသင်ကြားရေးမှာ ထိရောက်မှု အားနည်း လာနေတယ်လို့ ကရင်ဒုက္ခသည်များပညာရေးကော်မတီ (KRCEE) ရဲ့ အတွင်းရေးမှူး စောထူးကပေါ်က ထောက်ပြပါတယ်။
“အခုအချိန်မှာ ကလေးတွေ စာသင်တဲ့အခါ ၅ ယောက်ကို ပုံနှိပ်စာအုပ် တစ်အုပ်ပဲ ရှိတော့တယ်။ အဲဒီလို ဖြစ်နေတဲ့အပေါ်မှာ ကလေးတွေကို ထိရောက်တဲ့ သင်ကြားမှု မလုပ်ပေးနိုင်တော့ဘူး။ အဓိကကတော့ ဘတ်ဂျက်တွေ နည်းလာတော့ ပုံနှိပ်စာအုပ်တွေကို လုံလုံလောက်လောက် မထုတ်ပေးနိုင်တာပါ” လို့ စောထူးကပေါ်က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတွေရဲ့ ပညာရေးစီမံခန့်ခွဲမှုမှာ ကရင်ဒုက္ခသည်စခန်း (၆) ခုကို KRCEE က ရေးဆွဲပြဌာန်းတဲ့ သင်ရိုးညွှန်းတမ်းအောက်မှာ လည်ပတ်နေပါတယ်။ ကရင်နီဒုက္ခသည်စခန်း (၂) ခုမှာတော့ ကရင်နီကြားဖြတ်ပညာရေးကော်မတီ (KICE) က စီမံခန့်ခွဲနေတာပါ။
ဒုက္ခသည်ပညာရေးကို ကူညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Save the Children ရဲ့ (၂၀၂၆) ခုနှစ် အစီရင်ခံစာအရ ဒုက္ခသည်တွေအပေါ် နိုင်ငံတကာအကူအညီတွေ ဖြတ်တောက် ခံရပြီးနောက်ပိုင်း ကလေးငယ်တွေရဲ့ ပညာရေးဟာ “ပျက်စီးလုနီးပါး” အခြေအနေကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်ကစတင်ပြီး ဒုက္ခသည်စခန်းတွေထဲက ထောက်ပံ့မှုအချို့ လျှော့ချခံခဲ့ရသလို အချို့ကိုတော့ လုံးဝဖြတ်တောက်လိုက်တာမျိုး ရှိခဲ့ပါတယ်။
အခုလို ရိက္ခာနဲ့ အကူအညီတွေ လျှော့ချ၊ ဖြတ်တောက်ခံရတဲ့ဒဏ်ကို စခန်းတွင်းက သာမန်မိသားစု တွေနည်းတူ ကျောင်းဆရာ၊ ဆရာမတွေလည်း ပြင်းပြင်းထန်ထန် ခံစားနေရတာပါ။
အချို့ဆရာ၊ ဆရာမတွေဟာ မိသားစု စားဝတ်နေရေးအတွက် သောကရောက်နေရလို့ ကျောင်းသင်ခန်းစာတွေအပေါ် စိတ်ရောကိုယ်ပါ အာရုံစိုက်ဖို့ ခက်ခဲလာကြပါတယ်။
“အခု ကျောင်းဆရာ၊ ဆရာမတွေ အရမ်းရှားလာတယ်။ ရတဲ့ထောက်ပံ့ကြေး လစာနဲ့ မလုံလောက်တော့ သူတို့လည်း စာမသင်ချင်ကြတော့ဘူး။ တစ်ဖက်မှာလည်း ကျောင်းသားဦးရေက အရမ်းများလာတော့ ထိထိရောက်ရောက် စာမသင်ပေးနိုင်တဲ့ ပြဿနာနဲ့ ကြုံနေရတယ်” KRCEE အတွင်းရေးမှူး စောထူးကပေါ်က စခန်းတွင်း သင်ကြားရေးအကြပ်အတည်းနဲ့ပတ်သက်ပြီး ပြောပြပါတယ်။
၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲတွေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရသစ်ရဲ့ မူဝါဒအပြောင်းအလဲတွေဟာ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေအပေါ် တိုက်ရိုက်ရိုက်ခတ်မှု ကြီးကြီးမားမားရှိခဲ့ပါတယ်။
ထိုအပြောင်းအလဲတွေကြောင့် ဒုက္ခသည်စခန်းတွေရဲ့ ကျန်းမာရေးနဲ့ ရိက္ခာထောက်ပံ့မှုတွေ ပြတ်တောက်လုနီးပါး ထိခိုက်ခဲ့ရပါတယ်။
ဒီအခြေအနေများကြောင့် နယ်စပ်ဒေသက အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒုက္ခသည်တွေကို အဓိကကူညီပေးနေတဲ့ နယ်စပ်ကူညီစောင့်ရှောက်ရေးညွန့်ပေါင်းအဖွဲ့ (TBC) တို့က နိုင်ငံတ ကာရံပုံငွေတွေ မလျှော့ချဖို့ တောင်းဆိုခဲ့ကြသလို ထိုင်းအစိုးရအနေနဲ့လည်း ဒုက္ခသည်တွေကို စခန်းပြင်ပမှာ တရားဝင်အလုပ်လုပ်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒါကြောင့် (၂၀၂၅) ခုနှစ် ကုန်ပိုင်းမှာ ထိုင်းအစိုးရဘက်က နယ်စပ်မှာ ခိုလှုံနေထိုင်ကြတဲ့ ဒုက္ခသည်တွေ စခန်းပြင်ပမှာ အလုပ်လုပ်ခွင့်ပြုတဲ့ မူဝါဒတစ်ရပ်ကို ချမှတ်ပေးခဲ့ပါတယ်။
ဒီမူဝါဒအရ ထိုင်းနိုင်ငံအတွင်းက စက်ရုံ၊ အလုပ်ရုံနဲ့ စိုက်ပျိုးရေးခြံတွေမှာ လိုအပ်နေတဲ့ အလုပ် သမားအင်အားအတွက် ဒုက္ခသည်တွေကို တရားဝင် သွားရောက်လုပ်ကိုင်ခွင့် ပြုခဲ့တာပါ။ ဒါပေမဲ့ ဒီအလုပ်လုပ်ခွင့်မှာ စခန်းတွင်းက ဒုက္ခသည်အားလုံး အကျုံးဝင်တာမဟုတ်ဘဲ ၂၀၁၉ ခုနှစ်က နိုင်ငံတ ကာရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာအဖွဲ့ (IOM) က ကောက်ယူမှတ်တမ်းတင်ထားတဲ့ ဒုက္ခသည်စာရင်းဝင်တွေကိုသာ တရားဝင်ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ၂၀၁၉ ခုနှစ်နောက်ပိုင်းမှ ရောက်ရှိလာတဲ့ ဒုက္ခသည်စာရင်းမရှိသူ စစ်ဘေးရှောင်တွေကတော့ စားဝတ်နေရေးအတွက် စခန်းပြင်ပက ဥယျာဉ်ခြံတွေနဲ့ တောင်ယာတွေမှာ နေ့စားအလုပ်သမားအဖြစ် တရားမဝင်တဲ့ လမ်းကြောင်းနဲ့ သွားရောက်လုပ်ကိုင်နေကြရပါတယ်။
ရိက္ခာဖြတ်တောက်ခံရတဲ့ အခုလိုကာလမှာ စခန်းတွင်းက ကျောင်းဆရာ၊ ဆရာမတွေဟာလည်း မိသားစုဝမ်းရေးအတွက် တခြားသူတွေနည်းတူ စခန်းပြင်ပထွက်ပြီး အလုပ်လုပ်ဖို့ စဉ်းစားလာကြပါတယ်။ စခန်းတွင်းက ကျောင်းဆရာ၊ ဆရာမတစ်ဦးဟာ တစ်လကို ထောက်ပံ့ကြေး ထိုင်းဘတ်ငွေ တစ်ထောင်ကျော်လောက်သာ ရရှိကြတာမို့ ဒီငွေပမာဏဟာ မိသားစုတစ်လစာ စားဝတ်နေရေးအတွက် ဘယ်လိုမှ မဖူလုံနိုင်ပါဘူး။ ဒါကြောင့် အချို့ဟာ ကျောင်းဆရာဘဝကိုစွန့်ပြီး ပြင်ပအလုပ်သမားလုပ်ဖို့ ရွေးချယ်လာကြတယ်လို့ နို့ဖိုးစခန်းက ကျောင်းအုပ်ဆရာမ နော်တာအယ်ရှီးက ဆိုပါတယ်။
“ထောက်ပံ့မှုတွေက အကုန်လျော့သွားပြီဆိုတော့ ကျောင်းဆရာ၊ ဆရာမတွေ မိသားစု ရပ်တည်ရေးအတွက် အတော်လေး ခက်ခဲလာတယ်” လို့ နော်တာအယ်ရှီးက ပြောပါတယ်။
လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတွေကြောင့် လာမည့်ပညာသင်နှစ်မှာလည်း ဒုက္ခသည်စခန်းတွေမှာ ကျောင်းဆရာ၊ ဆရာမ မလုံလောက်မှုပြဿနာဟာ အဓိက စိန်ခေါ်မှုကြီးတစ်ခု ဖြစ်လာနိုင်တယ်လို့ သူမက ထောက်ပြပါတယ်။
တစ်ဖက်မှာလည်း မြန်မာပြည်တွင်းက နေရာအနှံ့အပြားမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန် နေဆဲဖြစ်လို့ လာမယ့်နှစ်တွေမှာလည်း ဒုက္ခသည်စခန်းတွေမှာ ကျောင်းသားဦးရေဟာ လျော့ ကျသွားမယ့် အလားအလာ မရှိသေးပါဘူး။ အဲဒါကြောင့် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်ပညာရေးကဏ္ဍဟာ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကြားကပဲ “မနိုင်ဝန်ကို ဆက်လက်ထမ်းပိုးရဦးမှာပဲ” ဖြစ်ပါတယ်။



















