Home သတင်း ရွှေကုက္ကိုလ်မှတရုတ်များကို ကျော်ကေထ သို့ KNA က နေ့စဉ်ခေါ်ယူပို့ဆောင်

ရွှေကုက္ကိုလ်မှတရုတ်များကို ကျော်ကေထ သို့ KNA က နေ့စဉ်ခေါ်ယူပို့ဆောင်

12
Photo crd- KNA & Naphat Kongchan

စက်တင်ဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြဝတီမြို့မြောက်ဘက်၊ ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)လုပ်ဆောင်သူ တရုတ်လူမျိုးအများအပြားကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇) နယ်မြေ၊ ပိုင်ကျုံမြို့နယ်၊ ကျော်ကေထ သို့ ကရင်အမျိုးသားတပ်မတော်-KNA က နေ့စဉ်ပို့ဆောင်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ကရင်နယ်ခြားစောင့်တပ်-BGF မှအသွင်ပြောင်းထားသည့် KNA သည် အဆိုပါ တရုတ်များကို ပို့ဆောင်ရန် ရွာခံပိုင်မော်တော်ယာဥ်များကို အခကြေးငွေ မြင့်မြင့်ပေး၍ ငှားယူနေခြင်းဖြစ်ပြီး ၎င်းတို့ KNA တပ်ဖွဲ့ဝင်များကိုပါ လုံခြုံရေးအဖြစ်ထည့်ပေးခြင်းရှိသည်ဟု ဒေသခံယာဥ်မောင်းတစ်ဦးက ဆိုသည်။

“တရုတ်တွေကိုသွားပို့ဖို့ ရွာတွေဘက်မှာ ကားတွေလာငှားတယ်။ တခြား ပစ္စည်းတင်တာထက် စျေးနှုန်းတွက်ခြေကိုက်တော့ ကားသမားတွေသွားတာအများကြီးပဲ။ KNA တပ်တွေက လုံခြုံရေးယူပေးတော့ မကြောက်ရဘူး” ဟု နဘူးအနီးနေထိုင်သည့် ကားသမားတစ်ဦးက ပြောသည်။

ဒေသခံများပြောပြချက်အရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းက ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကျော်ကေထ ဂွင်ထဲတွင် ကျားဖြန့်လုပ်ငန်းအတွက် အဆောက်အဦးအများအပြား ဆောက်လုပ်နေခြင်းဖြစ်ပြီး လက်ရှိတွင်မူ လုပ်ငန်းများ စတင်ပြောင်းရွှေ့လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။

ထို့အပြင် ကေအဲန်ယူထိန်းချုပ်နယ်မြေထဲတွင် KNA မှ ထိုသို့အဆောက်အဦး လာရောက်ဆောက်လုပ်နေသည့်အပေါ် ဒေသတာဝန်ရှိအဖွဲ့အစည်းအနေဖြင့် သိရှိ တားမြစ်ခဲ့ကြောင်းလည်း ကေအဲန်ယူ ဖားအံခရိုင်ဘက်က ပြောသည်။

ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးက “သူတို့ အဆောက်အဦးလာဆောက်တာ မှန်ပါတယ်။ ကျနော်တို့ဘက်ကလည်း တားတော့တားမြစ်ထားတယ်။ သူတို့လာလုပ်တာက ကျော်ကေထ ထဲမှာ မဟုတ်ပေမယ့် ကျော်ကေထနဲ့နီးတယ်လို့ ပြောလို့ရတယ်” ဟု ကေအိုင်စီကို ပြောသည်။

Photo crd- KNA & Naphat Kongchan

KNA သည် BGF မှအသွင်မပြောင်းခင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကတည်းက ထိုဒေသတစ်ဝိုက် မြေနေရာအများအပြား လိုက်လံ ဝယ်ယူထားခဲ့ခြင်းဖြစ်ကြောင်းလည်း စုံစမ်းသိရသည်။

လက်ရှိ ကျော်ကေထဂွင်ထဲရှိ ဒေသအခေါ် ပလောတို၊ ခူ့ဖာဒို့ နှင့် နေရာသစ် စသည့်နေရာများတွင် အဆောက်အဦးကြီးများဆောက်လုပ်ထားပြီး ထိုင်းနိုင်ငံ ထာ့ဆောင်ယန်းမြို့နယ် မယ်တန်မြို့တစ်ဖက်ကမ်း မယ်လရွာနှင့်လည်းနီးကပ်နေခြင်းရှိသည်။

ထို့အပြင် လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် ကျော်ကေထနှင့် မယ်လ တရုတ်ဆိုက်ဟုဆိုကာ အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက်သာမက စားဖိုမှူး၊ သန့်ရှင်းရေး၊ လုံခြုံရေးအတွက် ဝန်ထမ်းများအား အလုပ်အကိုင်အလိုက် သတ်မှတ်လုပ်အားခဖြင့် ကြော်ငြာ၍ အလုပ်ခေါ်ယူနေကြောင်း တွေ့ရသည်။

ကျားဖြန့်လုပ်မည့်ဝန်ထမ်းများတွင် တရုတ်နိုင်ငံသားအပြင် အခြားနိုင်ငံခြားသားများလည်း ပါဝင်သလို အောက်ခြေဝန်ထမ်းများအတွက် မြန်မာပြည်အတွင်းမှ လာရောက်လျှောက်ထားကြသူများလည်း ရှိသည်။ အလုပ်သွားလုပ်မည့်သူများသည် ရွေကုက္ကိုလ်မှတစ်ဆင့် ရွာသားပိုင် မော်တော်ယာဥ်များကိုငှားရမ်း၍ သွားရောက်ကြရသည်ဟု ဒေသခံများက ဆိုသည်။

နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုဖြင့် နိုင်ငံတကာတွင်အာရုံစိုက်ခံခဲ့ရသည့် ရွှေကုက္ကိုလ်အပါအဝင် KK Park နှင့် မင်းလက်ပံရှိ ကျားဖြန့်ဆိုက်များကို ပြီးခဲ့သည့်နှစ်အတွင်း စစ်အုပ်စုမှ ဟန်ပြဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက်တွင် ထိုနေရာအသီးသီးမှ ကျားဖြန့်လုပ်ကိုင်သူများသည် ကရင်ပြည်နယ်ထဲရှိ ကျောက်ခက်၊ ဘုရားသုံးဆူ၊ သေ့ကတေနှင့် လက်ရှိ ကျော်ကေထ နေရာအပါအဝင် သံလွင်မြစ်အနောက်ဘက်ကမ်းရှိ DKBA (ခွဲထွက်) ဗိုလ်ဘိ နေရာ၊ ကော့ဖျံတောင်အနီးဝန်းကျင်အထိ ဖြန့်ကျက်ရောက်ရှိလာပြီး လုပ်ငန်းပြောင်းရွေ့လုပ်ကိုင်လာကြကြောင်း သိရသည်။