စက်တင်ဘာ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF တပ်ဖွဲ့ဝင်များအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်ကို မွန်မြတ်သည့်အမျိုးသားရေး အကျိုးတာဝန်အဖြစ် မှတ်ယူလုပ်ဆောင်ကြရန် KNPF ဗဟို၏ရဲချုပ် ဗိုလ်မှူးချုပ် စောအယ်ကလူဖိုးက ယနေ့ စက်တင်ဘာ(၉) ရက်တွင် တိုက်တွန်းပြောကြားသည်။
KNPF ဗဟိုဌာနချုပ်နယ်မြေတွင် ကျင်းပပြုလုပ်သည့် KNPF ဖွဲ့စည်းတည်ထောင်ခြင်း (၃၅)နှစ်ပြည့်အခမ်းအနားတွင် ဗိုလ်မှူးချုပ် စောအယ်ကလူဖိုးက ထိုသို့ပြောကြားသွားခြင်းဖြစ်သည်။
“ကေအဲန်ယူရဲ့တာဝန်ပေးချက်အရလုပ်သည်ဖြစ်စေ ကိုယ့်အသိစိတ်အရလုပ်သည်ဖြစ်စေ ဒါမွန်မြတ်တဲ့အမျိုးသားရေးအကျိုးအတွက် ဆောင်ရွက်တဲ့တာဝန်တစ်ခုလို့ လုပ်ဆောင်ကြမယ်ဆိုရင် စိတ်ဆန္ဒတွေ ပိုကောင်းလာမယ်လို့ပြောချင်တယ်” ဟု KNPF ဗဟိုရဲချုပ် က ကေအိုင်စီကို ပြောသည်။
ထို့အပြင် အမျိုးသား၊ အမျိုးသမီး ခေတ်လူငယ်မျိုးဆက်သစ်များအနေဖြင့် မိမိတို့အဖွဲ့အစည်း၏လိုအပ်ချက်များကို သိရှိနားလည်ပြီး တတ်နိုင်သည့်နေရာမှပါဝင်လုပ်ဆောင်နိုင်ပါက လိုအပ်သည့်ကဏ္ဍများ ပြီးပြည့်စုံမြန်ဆန်လာနိုင်ကြောင်းလည်း စောအယ်ကလူဖိုး က ဖြည့်စွက်တိုက်တွန်းသွားသည်။

KNPF ၏(၃၅)နှစ်ပြည့် အခမ်းအနားကို အစီအစဥ်အရ ကရင်အမျိုးသားသီချင်းဖြင့်စတင်ဖွင့်လှစ်ပြီးနောက် KNPF ဗဟို ရဲချုပ်မှ အမှာစကားပြောကြားခြင်း၊ တက်ရောက်လာသည့် တာဝန်ရှိသူများက KNPF နေ့သို့ပေးပို့လာသည့် သဝဏ်လွှာများကို ဖတ်ကြားခြင်း စသည်အစီအစဥ်များကိုလည်း ထည့်သွင်းပြုလုပ်သွားသည်။
ပွဲတက်ရောက်လာသည့် ဖားအံခရိုင် KNPF တပ်ဖွဲ့ဝင် နော်ထူးအယ်ဖောက “စည်းလုံးညီညွှတ်မှုရှိမှတိုးတက်မယ်လေ၊ တစ်ယောက်နဲ့တစ်ယောက်လက်တွဲပြီးလုပ်နေရတာဖြစ်တဲ့အတွက် KNPF ဟာလည်း ကရင့်တော်လှန်ရေးထဲမှာ အရေးပါတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်” ဟု ပြောသည်။
ယနေ့အခမ်းအနားကို KNPF ဗဟိုရဲချုပ် စောအယ်ကလူဖိုးအပြင် ဒုရဲချုပ် စောမူးကော်စိုးနှင့် KNPF တပ်ဖွဲ့ဝင်များ၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟို တရားသူကြီးချုပ် ပဒိုနော်မြိုင်ဖိုး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးကာကွယ်ရေးတပ်ဖွဲ့-KNDO တာဝန်ရှိသူများအပါအဝင် ကရင်လူငယ်များ စုစုပေါင်း(၁၅၀)ထက်မနည်း တက်ရောက်ခဲ့ကြသည်။
KNPF ကို ကော်သူးလေပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးပပျောက်ရေးနှင့် နယ်မြေ အေးချမ်းသာယာရေး တာဝန် (၃) ချက်ကို အကောင်အထည်ဖော်ရန် ကေအဲန်ယူမှ ၁၉၉၁ ခုနှစ်တွင် ကျင်းပသည့် (၁၀) ကြိမ်မြောက် ကွန်ဂရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။


















