Home သတင်း ဘုရားသုံးဆူရှိ ပစ္စည်းဂိုဒေါင်တစ်ခု မီးလောင်၊ ဘတ်သန်း ၇၀ နီးပါး ဆုံးရှုံး

ဘုရားသုံးဆူရှိ ပစ္စည်းဂိုဒေါင်တစ်ခု မီးလောင်၊ ဘတ်သန်း ၇၀ နီးပါး ဆုံးရှုံး

388
Photo: CJ

မေလ ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ ဘုရားသုံးဆူမြို့ရှိ သွင်းကုန်/ပို့ကုန် ပစ္စည်းသိုလှောင်ရာ ဂိုဒေါင်ကြီးတစ်ခု ယမန်နေ့ မေလ ၁၂ ရက်နေ့က မီးလောင်မှုဖြစ်ပွားခဲ့ရာ ဂိုဒေါင်နှင့် အတွင်းရှိကုန်ပစ္စည်းများအပါအဝင် စုစုပေါင်း ကာလတန်ဖိုး ဘတ်သန်း (၇၀) နီးပါး ဆုံးရှုံးသွားကြောင်း သိရသည်။

ဘုရားသုံးဆူမြို့၊ ကရင်စု (ထော့မဲပါ) ရပ်ကွက်အတွင်းရှိ အဆိုပါဂိုဒေါင်မှာ ယမန်နေ့ ညနေ (၃) နာရီ အချိန်တွင် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ည (၁၁) နာရီအချိန်ခန့်မှသာ မီးငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်မှုကြောင့် ဂိုဒေါင်အတွင်း သိုလှောင်ထားသည့် ကုန်ပစ္စည်း (၉၀) ရာခိုင်နှုန်းခန့် မီးလောင်ပျက်စီးခဲ့ရပြီး လူထိခိုက်သေဆုံးမှုမရှိဟု ဒေသခံများက ပြောသည်။

မီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ နေရာသို့ ရောက်ရှိခဲ့သည့် ဒေသတာဝန်ရှိသူတစ်ဦးက “မီးလောင်တာက ပေါ့ဆမှုလို့ပဲ ပြောရမယ်။ ဘာလို့လဲဆိုတော့ မိုးရေနဲ့ အက်စစ် (ဘက်ထရီအက်စစ် သို့မဟုတ် ဓာတုပစ္စည်း) တွေနဲ့ ထိတွေ့မိရာကနေ စဖြစ်တာလို့ သိရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

မီးလောင်သွားသည့် ဂိုဒေါင်မှာ ဒေါ်ဝတ်မှုန်နှင်း (ခ) ဘဲဥမ ပိုင်ဆိုင်သည့် ဂိုဒေါင်ဖြစ်ပြီး ဂိုဒေါင် အဆောက်အအုံတန်ဖိုးမှာ ဘတ်သန်း (၂၀) ခန့်ရှိကာ အတွင်းရှိ ပစ္စည်းတန်ဖိုးမှာ ဘတ်သန်း (၅၀) ခန့်ရှိသဖြင့် စုစုပေါင်း ဘတ်သန်း (၇၀) ခန့် ဆုံးရှုံးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ဂိုဒေါင်မှာ ဆောက်လုပ်ပြီးစီးသည်မှာ (၁) နှစ်ခန့်သာ ရှိသေးပြီး အတွင်း၌ ကား၊ ဆိုင်ကယ်၊ စက်ဘီးအပိုပစ္စည်းများ၊ ကွမ်းစားဆေး၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး အမျိုးမျိုးနှင့် အိမ်သုံးကုန်ပစ္စည်းများကို သိုလှောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

ဘုရားသုံးဆူမြို့သည် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့်အတွက် ကုန်သည်များသည် ထိုင်းနိုင်ငံဘက်မှ ကုန်ပစ္စည်းများကို တင်သွင်းကာ ဘုရားသုံးဆူမှတစ်ဆင့် ကြာအင်းဆိပ်ကြီး-မော်လမြိုင် လမ်းကြောင်း အတိုင်း ပြည်တွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချနေသည့် အချက်အချာကျသော နေရာတစ်ခုဖြစ်သည်။