Home သတင်း ဘီးလင်းတွင် စစ်ဘေးရှောင်ကား ပစ်ခတ်ခံရပြီး မိခင်နှင့်သမီးဖြစ်သူ သေဆုံး၊ ၂ ဦးဒဏ်ရာရ

ဘီးလင်းတွင် စစ်ဘေးရှောင်ကား ပစ်ခတ်ခံရပြီး မိခင်နှင့်သမီးဖြစ်သူ သေဆုံး၊ ၂ ဦးဒဏ်ရာရ

373
Photo: CJ

မေလ ၁၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်ရှိ လေးကေတောင် ဂူဝ ဘုရားလေးလမ်းတွင် စစ်ဘေးရှောင်များ စီးနှင်လာသည့် မော်တော်ယာဉ်တစ်စီး ပစ်ခတ်ခံရမှုကြောင့် သားအမိနှစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ သထုံခရိုင်ထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့၊ မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် လေးကေရွာနေ ယာဉ်မောင်းတစ်ဦး အပါအဝင် အရပ်သား ၈ ဦး လိုက်ပါလာသည့်ယာဥ်ကို လေးကေတောင်ဂူဝအနီး၌ စစ်အုပ်စုစစ်ကြောင်းက တားဆီးစစ်ဆေးခဲ့ခြင်းဖြစ်ရာ ယာဉ်မောင်းက ကားကို ရပ်တန့်ပေးနေစဉ်အတွင်း စစ်အုပ်စုဘက်မှ ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုကြောင့် ကားပေါ်ပါလာသူ လေးကေရွာနေ အသက် (၄၆) နှစ်အရွယ် အမျိုးသမီးနှင့် ၎င်း၏ အသက် (၁၃) နှစ်အရွယ် သမီးဖြစ်သူတို့မှာ နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ပြီး နောက်ထပ် နှစ်ဦး ကျည်စထိမှန် ဒဏ်ရာများ ရရှိခဲ့သည်ဟု နယ်မြေသတင်းအရင်းအမြစ်များမှ သိရသည်။

အဆိုပါ ပစ်ခတ်မှု အပြီးတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယာဥ်ပေါ် စီးနင်းပါလာသည့် အရပ်သား ၄ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး ၎င်းတို့ထဲမှ နှစ်ဦးကို မေလ ၁၀ ရက်နေ့တွင် ပြန်လည်လွှတ်ပေး ခဲ့သော်လည်း ကျန်ရှိသည့် ၂ ဦးကို ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်သည်ဟု သိရသည်။

Photo: CJ

ထို့အပြင် မေလ ၁၁ ရက်နေ့တွင်လည်း ဘီးလင်းမြို့နယ်၊ ပယာရော (မြစ်ကျိုး) ကျေးရွာအုပ်စုအတွင်းသို့ စစ်အုပ်စုတပ်က ဂျက်ဖိုက်တာ (Jet Fighter) ဖြင့် ပေါင် ၃၀၀ ဗုံးသီး နှစ်လုံးကို ကြဲချခဲ့ရာ မြစ်ကျိုးရွာနှင့် လေးကေရွာ အနီးတဝိုက် ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN ပြောခွင့်ရသူ နော်ဝါးခူရှီးက “ အဲ့ဘက်က အတော်လေးအခြေအနေဆိုးတယ်။ စစ်တပ်ဘက်က လေယာဉ်သာမကဘူး လေထီး(ပါရာမော်တာ) တွေပါ သုံးလာတော့ ပိုပြီးတော့ စိုးရိမ်ဖို့ကောင်းလာတာပေါ့။ အထူးသဖြင့် တာပေါ၊ ပြရော(ဝဲပျံ)၊ လေးကေ အဲ့ရွာဘက်ကဒေသခံတွေ အနေနဲ့ ဒီလေယာဉ်နဲ့ ဗုံးကြဲတာကြောင့် လုံခြုံတဲ့နေရာတွေမှာ လိုက်ပြောင်းနေရတာ သူတို့အတွက် အထူးသဖြင့် လုံခြုံရေးပေါ့။ ပြီးတော့ စားနပ်ရိက္ခာတွေ ဆေးဝါးတွေ လိုအပ်နေတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့်ဧပြီ တစ်လအတွင်း ဒူးသထူ/သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာများတွင် စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံနေအိမ်(၂၇)လုံးထက်မနည်း ပျက်စီခဲ့ပြီး တိမ်းရှောင်နေရသူ သောင်းဂဏန်းအထိရှိကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ထားချက်အရ သိရသည်။