Home သတင်း ဘာသာစကားသုံးမျိုး အပြန်အလှန် အဓိပ္ပာယ်ဖွင့်နိုင်သည့် အနောက်ပိုးကရင် အဘိဓာန်ကို PLITDT အဖွဲ့ မိတ်ဆက်

ဘာသာစကားသုံးမျိုး အပြန်အလှန် အဓိပ္ပာယ်ဖွင့်နိုင်သည့် အနောက်ပိုးကရင် အဘိဓာန်ကို PLITDT အဖွဲ့ မိတ်ဆက်

542

မေလ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အနောက်ပိုးကရင်ဘာသာမှ မြန်မာနှင့် အင်္ဂလိပ် ဘာသာစကားသို့ သုံးဘာသာ အပြန်အလှန် အဓိပ္ပါယ်ဖွင့်ဆို ဘာသာပြန်နိုင်သည့် Pwo Karen Dictionary App ကို အနောက်ပိုးကရင်စာပေနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (PLITDT) က ၎င်း၏ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မေလ(၁၅) ရက်နေ့က မိတ်ဆက်လိုက်သည်။

Karen Dictionary ကို လာမည့်မျိုးဆက်သစ်များအတွက် ကရင်ဘာသာစကား ထိန်းသိမ်းစောင့် ရှောက်ရန်၊ ခေတ်မီနည်းပညာမှတဆင့် ကမ္ဘာလုံးအနှံ့သို့မိမိတို့ကရင်ဘာသာစကား ပျံ့နှံ့ရောက်ရှိရန်၊ မိမိတို့ယဥ် ကျေးမှုကို ဂရုပြုမိစေရန်နှင့် ဘာသာစကားသင်ယူမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်များဖြင့် စတင်ခဲ့ခြင်းဖြစ်သည်ဟု PLITDTအဖွဲ့က ပြောသည်။

PLITDT အဖွဲ့ဝင် တာဝန်ရှိသူတစ်ဦးက “လူမျိုးတမျိုးဖြစ်တာနဲ့ ကိုယ့်လူမျိုးရဲ့စာပေယဉ်‌ကျေးမှုကို ပြောဆိုထိန်းသိမ်းရုံနဲ့ မပြည့်စုံသေးဘူး။ လေ့လာပါ။ ဝေမျှပါ။ သင်ယူပါ။ ခေတ်ပြောင်းလာတာနဲ့ အမျှ ကျမ တို့ရဲ့ စာပေနဲ့ စကားကို သင်ယူပြောဆိုဖို့ မမေ့ရဘူး။ ခေတ်နဲ့အညီအမြဲ ဆက်မြှင့်တင်ပါလို့ ပြောချင်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ အဘိဓာန်၌ မြန်မာ-အနောက်ပိုး-အင်္ဂလိပ်တို့ကို တစ်နေရာတည်းတွင် အပြန်အလှန် ရှာဖွေနိုင်ရန် အဘိဓာန်ကျမ်း (၃) ကျမ်းတို့ကို အခြေခံ၍ စုစည်းပေးထားခြင်းဖြစ်ပြီး စကား‌ဝေါဟာရ အလုံး‌ပေါင်း ၂၇,၁၅၉‌ လုံး ပါဝင်သည်ဟု ၎င်းတာဝန်ရှိသူက ဖြည့်စွက်ပြောသည်။

ထို့အပြင် အနောက်ပိုးကရင်စာပေကို အခြေခံမှစ၍ လေ့လာလိုသူများအတွက် ဗျည်း၊ သရ၊ တက်ကျသံပြနှင့် ဗျည်းတွဲသင်္ကေတများကို အက္ခရာသာမက အသံထွက်များ၊ နိုင်ငံတကာသုံး သဒ္ဒဗေဒသင်္ကေတ (IPA) များဖြင့် ဖော်ပြပေးထားသလို နေ့စဉ်သုံးစကားပြောဝါကျများ၊ ဂဏန်းသင်္ချာများ အပါအဝင် ဂိမ်းများလည်း လေ့လာနိုင်မည်ဖြစ်‌ကြောင်းလည်း ပြုစုသူများက ‌ပြောဆိုသည်။

အဆိုပါ Digital အဘိဓာန် အ‌ကောင်အထည်‌ဖော် ဖြစ်‌မြောက်လာ‌ရေးအတွက် ဘာသာစကားဆိုင်ရာ ကျွမ်းကျင်သူများ၊ တသီးပုဂ္ဂလ ပညာရှင်များ၊ နည်းပညာ ပညာရှင်များမှ ‌ ၇ လခန့် အချိန်ယူ ရေးဆွဲ ပြုစုခဲ့ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ယခု အနောက်ပိုးကရင် Digital အဘိဓာန်ကို https://tinyurl.com/pwokarendictionaryတွင် ဝင်ရောက်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း၊ လတ်တလော ထွက်ရှိထားသည့် ဗားရှင်းတွင် စာလုံးပေါင်းသတ်ပုံ အားနည်းချက် အနည်းငယ်ရှိနေနိုင်ပြီး နောင်လာမည့် Update ဗားရှင်းများတွင် ပြန်လည် ပြင်ဆင်သွားမည်ဖြစ်ကြောင်း PLITDT က အသိပေးထားသည်။

ပြီးခဲ့သည့် မေလ ၇ ရက်နေ့တွင်လည်း ကရင်အမျိုးသားများအကြား ကွန်ပျူတာနှင့်ဖုန်းမှတဆင့် စကားလုံးအသုံးအနှုန်းများကို နည်းပညာဖြင့် လွယ်ကူစွာ ရှာဖွေလေ့လာနိုင်မည့် အရှေ့ပိုးကရင် Digital အဘိဓာန်ကို Eastern Pwo Karen Unicode Team (EPKUT) ဖြစ်သည့် ကရင်လူငယ်အိုင်တီ နည်းပညာရှင်များက မိတ်ဆက်ခဲ့သေးသည်။