Home သတင်း ဘတ်ဗီဇာလုပ်ငန်းစဥ် ကြန့်ကြာနေ၍ နယ်ကျော်ခရီးသွားလာသူများ အခက်ကြုံ

ဘတ်ဗီဇာလုပ်ငန်းစဥ် ကြန့်ကြာနေ၍ နယ်ကျော်ခရီးသွားလာသူများ အခက်ကြုံ

477
Photo: Internet

မေ (၁၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ပတ်စ်ပို့နှင့် မည်သူမည်ဝါ သက်သေခံလက်မှတ်-CI စာအုပ်အတွင်း ထည့်သွင်းရသည့် Non-LA (Non-Immigrant Labor Approved) ဗီဇာလုပ်ငန်းစဥ် ကြန့်ကြာနေ၍ နယ်ကျော်ခရီးသွားလာလိုသူများ အခက်ကြုံနေရကြောင်း မဲဆောက်ရောက်မြန်မာနိုင်ငံသားများထံမှ သိရသည်။

ရွှေ့ပြောင်းအလုပ်သမားအသိုင်းအဝိုင်းတွင် ဘတ်ဗီဇာဟု လူသိများသော Non-LA ဗီဇာမှာ ထိုင်းအစိုးရ သတ်မှတ်ချက် သက်တမ်းအတိုင်း ထည့်သွင်းရသည့် ဗီဇာအမျိုးအစားဖြစ်ပြီး ၎င်းအပါအဝင် စာရွက်စာတမ်းအထောက်အထား စုံလင်ပါက ထိုင်းနိုင်ငံအနှံ့ ခရီးသွားလာခွင့်ရရှိသည်။

သို့ရာတွင် ထိုင်းအာဏာပိုင်များ၏ ရွှေ့ပြောင်းအလုပ်သမားများကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေသည့် ယခုလအတွင်း ဘတ်ဗီဇာသက်တမ်းပြန်တိုးသည့်လုပ်ငန်းစဥ်ပါ ကြန့်ကြာနေ၍ အလုပ်နှင့်ခရီးသွားလာရေး အခက်အခဲတွေ့နေရသည်ဟု မဲဆောက်မြို့တွင် ရောက်ရှိနေသည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ဘတ်သက်တမ်းတိုးထားတာ work permit ရကတည်းကဆို နှစ်ပတ်ကျော်ပြီး အခုထိမရသေးဘူး။ အရင်လိုသူဌေးထောက်ခံစာနဲ့လည်းသွားမရဘူး ပြောတယ်။ အထောက်အထားအစုံ လုပ်ထားတော့လည်း ခရီးတစ်ခုသွားဖို့တောင် အဆင်မပြေဘူး။” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

ဘတ်ဗီဇာထည့်သွင်းသည့်လုပ်ငန်းစဥ်မှာ ရက်ပိုင်းမှ တစ်ပတ်ဝန်းကျင်သာ ယခင်က အများဆုံးကြာရှည်လေ့ရှိသည်။ သို့သော် ယခုနှစ်အတွင်း သက်တမ်းတိုးအပြင် ယခုနှစ်မှဗီဇာစတင်ထည့်သွင်းမည့်သူများ စုပုံနေခြင်းကြောင့် ယခင်ထက်ပိုမိုကြန့်ကြာခြင်းဖြစ်သည်ဟု အခကြေးငွေယူ၍ အကျိုးဆောင်ပေးသူများက ပြောသည်။

မဲဆောက်မြို့နေ အကျိုးဆောင်အမျိုးသမီးတစ်ဦးက “လူသစ်ရော သက်တမ်းတိုးရော သွားစုပြီးကြာနေတာ။ စာအုပ်ထပ်ပြီး ဗီဇာတုံးထုတာ၊ ဧည့်စာရင်းတိုင်တာနဲ့ နှစ်ဆင့်သွားရတယ်။ ပြီးရင်လူကြီးလက်မှတ်လိုသေးတယ်။ ဟိုးတစ်ပတ်ကဆို ခရီးသွားဖို့ အစ်မတစ်ယောက် လူကြီးမရှိတော့ပိုကြာသွားရော။ နောက်တစ်ယောက်ဆိုလည်း အလုပ်နဲ့သွားရမှာ ကိုယ်တွေလည်း လောပေးပါတယ်။ အခြေအနေတွေက အဲဒီလိုဖြစ်နေတယ်။” ဟု ဆိုသည်။

ထို့အပြင် ယခုနှစ်ဘတ်ဗီဇာထည့်သွင်းသည့်လုပ်ငန်းစဥ်အပေါ် ထိုင်းအစိုးရက Work Permit ပြုလုပ်ထားသည့်ခရိုင်၊ မြို့နယ်အတွင်းတွင် ဗီဇာပြန်ထည့်ရန် ပြောင်းလဲသတ်မှတ်လိုက်ခြင်းလည်း ရှိသည်။ ယင်းကြောင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့် အကျိုးဆောင်များအကြား ယုံကြည်မှုလျော့၍ အကြပ်ရိုက်စရာဖြစ်လာကြောင်း သိရသည်။

“ကိုယ့်ပွဲစားနဲ့ယုံကြည်မှုတည်ဆောက်ထားတယ်ဆိုရင် စိတ်ရှည်ရှည်နဲ့စောင့်ကြပါ။ ဒါရုံးတွင်းကကြာနေတာ ပွဲစားကကြာတာမဟုတ်ပါဘူး။” ဟု နောက်ထပ်အကျိုးဆောင် အမျိုးသမီးတစ်ဦးက ပြောသည်။

Non-LA ဗီဇာသည် ထိုင်းနိုင်ငံအတွင်း တရားဝင်နည်းလမ်းဖြင့်ရောက်ရှိလာသော်လည်း ပတ်စ်ပို့ ဗီဇာသက်တမ်းထက်ကျော်လွန် နေထိုင်သူများ၊ တရားဝင်ဖြစ်စေ တရားမဝင်ဖြစ်စေ ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး work permit လျှောက်ထား၊ ကိုင်ဆောင်ခွင့်ရသူများ စသည်တို့ ထည့်သွင်းခွင့်ရသော ဗီဇာအမျိုးအစားဖြစ်သည်။

ဗီဇာရရှိပြီး ရက်ပေါင်း(၉၀)ဆက်တိုက် ထိုင်းနိုင်ငံအတွင်းနေထိုင်သူမှာ မိမိဒေသရှိ လဝကရုံးသို့ သတ်မှတ်ရက်မတိုင်ခင် မပျက်မကွက်အကြောင်းကြားရမည်ဖြစ်သလို ဗီဇာသက်တမ်း ကျော်လွန်သည်ဖြစ်စေ၊ ရက်(၉၀)အကြောင်းကြားရန် ပျက်ကွက်မှုရှိသည်ဖြစ်စေ ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်ကြောင်းလည်း ထိုင်းအစိုးရကသတ်မှတ်ထားသည်။