မေ (၁၉)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၏ ကိုဗစ်အလွန်ခရီးသွားကဏ္ဍ ဦးမော့လာစေရန်ရည်ရွယ်ပြီး နိုင်ငံပေါင်း(၉၃)နိုင်ငံအတွက် ရက်ပေါင်း(၆၀) ဗီဇာကင်းလွတ်ခွင့်ပေးထားသည့်သတ်မှတ်ချက် ရပ်ဆိုင်းခြင်းကို ထိုင်းအစိုးရအဖွဲ့က အတည်ပြုလိုက်ကြောင်း ယနေ့ မေလ(၁၉)ရက်နေ့တွင် ထိုင်းသတင်းဌာနများက ဖော်ပြသည်။
ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားများအခြေချနေထိုင်ပြီး စီးပွားရေးလုပ်ကိုင်လာခြင်း၊ ရာဇဝတ်လုပ်ငန်းများတွင်ပါဝင်ပတ်သက်ခြင်း စသည့် ဆိုးကျိုးများကြောင့် ရက်ပေါင်း(၆၀)နေထိုင်ခွင့် ရပ်ဆိုင်းခြင်းဖြစ်ပြီး စတင်အသက်ဝင်မည့် အချိန်ကိုမူ ကြေညာခြင်းမရှိသေးဟု ဘန်ကောက်ပို့စ်သတင်းတွင် ပါရှိသည်။
အာဏာအသက်ဝင်မည့်ရက်ကို ဌာနဆိုင်ရာသို့ အကြောင်းကြားသွားမည်ဖြစ်သလို ဗီဇာကင်းလွတ်ခွင့်ရထားသည့် နိုင်ငံ(၉၃)နိုင်ငံအနေဖြင့် ယခင်ကအသုံးပြုခဲ့သော ထိုင်းလူဝင်မှုကြီးကြပ်ရေး၏ စည်းမျဥ်းစည်းကမ်းများအတိုင်း ပြန်လည်ပြောင်းလဲအသုံးပြုရမည်ဟုလည်း ထိုင်းအစိုးရအဖွဲ့က ဆိုသည်။
ထို့အပြင် ထိုင်းအခြေစိုက်သတင်းများအရ ရက်(၆၀)ဗီဇာကင်းလွတ်ခွင့်ကို ရပ်ဆိုင်းလိုက်သော်လည်း ရက်(၃၀)နှင့်(၁၅)ရက်ဗီဇာကင်းလွတ်ခွင့် အစီအစဥ်များကို ခရီးသွားလာရေးအတွက်သာ ပြင်ဆင်သတ်မှတ်ရန်ရှိကြောင်း သိရသည်။
ထိုင်းနိုင်ငံ၏ ဗီဇာဆိုင်ရာအပြောင်းအလဲများသည် ဗီဇာအလွဲသုံးစားမှု၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် တရားမဝင်အလုပ်လုပ်ကိုင်မှုများကို တားဆီးကာကွယ်နိုင်ရုံသာမက နိုင်ငံဘေးကင်းလုံခြုံစေ၍ ခရီးသွားလုပ်ငန်း၏ပုံရိပ်ကို မြှင့်တင်ပေးနိုင်မည်ဟုလည်း ထိုင်းအစိုးရအဖွဲ့ပြောပြချက်ကို ကိုးကားပြီး သတင်းများကဖော်ပြသည်။
အာဆီယံနိုင်ငံအချို့အပြင် အမေရိကန်၊ တရုတ်၊ အိန္ဒိယ စသည်ဖြင့် နိုင်ငံပေါင်း(၉၃)နိုင်ငံလုံးပါဝင်သည့် ထိုင်းနိုင်ငံ၏ ရက်ပေါင်း(၆၀)ဗီဇာကင်းလွတ်ခွင့်အစီအစဥ်ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ကတည်းက ထိုင်းအစိုးရမှ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။



















