မေ (၁၃)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဝါရင့်တော်လှန်ရေးခေါင်းဆောင် ခွန်းရီမာန်ထူး၏ဈာပနပွဲကို ယနေ့ မေလ(၁၃)ရက်နေ့တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းအပါအဝင် တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များ လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သူ၏ဈာပနမှတ်တမ်းအရ သိရသည်။
အသက်(၈၂)နှစ်အရွယ်ရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ၏ ဗဟိုအမြဲတမ်းကော်မတီဝင်ဖြစ်သူ ခွန်းရီမာန်ထူးမှာ မေလ(၁၀)ရက်နေ့ ညနေပိုင်းက လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
သူ၏ရုပ်ခန္ဓာအား ဂူသွင်းမြှုပ်နှံခြင်း ဈာပနအခမ်းအနားသို့ ကေအဲန်ယူဥက္ကဌ ပဒိုစောကွယ်ထူးဝင်းအပါအဝင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ-PNFC ဥက္ကဌ ခွန်မြင့်ထွန်း၊ ကျောင်းသားတပ်မတော်-ABSDF အတွင်းရေးမှူး ရဲဘော်ဆန်နီ၊ ကရင်နီ နိုင်ငံရေးနှင့် တော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူများ၊ မိတ်ဖက်အဖွဲ့များ၊ ကျောင်းသား၊ လူငယ်များနှင့် ပြည်သူများ လိုက်ပါပို့ဆောင်ပေးခဲ့ကြကြောင်း KNPP က ထုတ်ပြန်သည်။

ခွန်ရီမာန်ထူး၏ဈာပနအခမ်းအနားတွင် သူကွယ်လွန်ခြင်းအပေါ် မိတ်ဖက်၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များက ပေးပို့သည့်ဝမ်းနည်းသဝဏ်လွှာများ ဖတ်ကြားခြင်း၊ ဝတ်ပြုဆုတောင်းခြင်းနှင့် အမှတ်တရစကားပြောကြားခြင်းတို့ ပြုလုပ်ခဲ့သည်ဟုလည်း ဆိုသည်။
ခွန်းရီမာန်ထူးသည် KNPP အဖွဲ့ဝင်အဖြစ် ပါတီနိုင်ငံရေးတာဝန်များ မထမ်းဆောင်ခင် ၁၉၇၅ ခုနှစ်ကတည်းက ကရင်နီတော်လှန်ရေးနယ်ပယ်ထဲ စတင်ရောက်ရှိလာပြီး အနှစ်(၅၀)ကျော်ကြာ တော်လှန်ရေးသမိုင်းသက်တမ်းရှိခဲ့သည့် ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။
KNPP အတွက်သာမက ကရင်နီလူထုအတွက်၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့သူ ခေါင်းဆောင်တစ်ဦးဖြစ်သည့်အလျောက် ကေအဲန်ယူအပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများက နှမြောဝမ်းနည်းကြောင်း ဆိုထားကြသည်။



















