Home သတင်း ကျုံဒိုးတွင် လက်နက်ခဲယမ်းနှင့်လူအင်အား ဖြည့်တင်းမှု စစ်အုပ်စု ဆက်တိုက်လုပ်ဆောင်

ကျုံဒိုးတွင် လက်နက်ခဲယမ်းနှင့်လူအင်အား ဖြည့်တင်းမှု စစ်အုပ်စု ဆက်တိုက်လုပ်ဆောင်

442
Photo crd- CJ (ပုံဟောင်း)

မေ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်ဘက်သို့ ပြီးခဲ့သည့် မေလ(၅)ရက်နေ့မှ (၈)ရက်နေ့အထိ စစ်အုပ်စုက ၎င်းတို့တပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းအများအပြားကို နေ့စဥ်ပို့ဆောင်မှုရှိခဲ့သည်ဟု ကျုံဒိုးဒေသခံများပြောပြချက်အရ သိရသည်။

ကျုံဒိုး မြို့ ပေါ်ရှိ စစ်အုပ်စုခြေမြန်တပ်ရင်း ခမရ-၅၄၅၊ ၅၄၆ သို့ ဖားအံအခြေစိုက် တပ်မ-၂၂ နှင့် တောင်ကလေး စစ်အင်ဂျင်နီယာတပ် (၉၄၃) တပ်ရင်းမှ စစ်အုပ်စုတပ်ဖွဲ့ဝင်များအပါအဝင် လက်နက်ခဲယမ်းများကို စစ်သုံး၊ အရပ်ဖက်သုံးမော်တော်ယာဥ်များဖြင့် လာရောက်ပို့ဆောင်ကြခြင်းဖြစ်သည်ဟု ပြည်နယ်စစ်အုပ်စုအသိုင်းအဝိုင်းနှင့်နီးစပ်သည့် ကျုံဒိုးဒေသခံတစ်ဦးက ပြောသည်။

“၅၄၅, ၅၄၆ ကိုစစ်ကူခဲယမ်း ယာဉ်တန်းအဝင်အထွက် တစ်နေ့ကို စစ်ကားဆယ်စီးလောက်ရှိတယ်။ ဖားအံ တောင်ကလေးက စစ်အင်ဂျင်နီယာ ၉၄၃ တပ်မှာလည်း စစ်သားသစ်တွေကို ညဘက်ဆို စားပွဲသောက်ပွဲလုပ် သီချင်းဆိုကကြပြီး မနက်ဆို ကျုံဒိုးကိုလာပို့တာပဲ” ဟု ၎င်းဒေသခံက ပြောသည်။

ဟောင်သရောမြစ်နှင့်ဂျိုင်းမြစ် အနောက်ဘက်ကမ်းကျေးရွာများကို အသွားအလာပြုလုပ်သည့် မြစ်ကူးဂိတ်များအား ပြီးခဲ့သည့်ဧပြီလကတည်းက စစ်အုပ်စုပူးပေါင်းတပ်ဖွဲ့များက ပိတ်ပင်ထားသလို ဖွင့်သည့်ဂိတ်တွင်လည်း ငွေကြေးတောင်းခံနေခြင်း ရှိသည်။

ဒေသတွင်းသတင်းအရင်းအမြစ်တစ်ခုအရ မေလ(၃)ရက်နေ့က ကျုံဒိုး-ညောင်ရိပ်သာဖောင်ဂိတ်မှ ကမ်းကူးသွားလာသည့် အရပ်သားအချို့ကို စစ်အုပ်စုက ကျုံဒိုး ခြေမြန်တပ်ရင်း ခမရ-၅၄၅ အတွင်း ဖမ်းဆီးထားကြောင်း သိရသည်။

Photo crd- CJ (ပုံဟောင်း)

ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်သူ ကျုံဒိုးဒေသခံတစ်ဦးက “ကျုံဒိုးစစ်တပ်က ဂျိုင်းတံတားနားက သရက်တောဖောင်ဆိပ်တစ်ခုပဲ ပေးကူးတာ။ အဲ့ဂိတ်က ပိုက်ဆံ တအားတောင်းတယ်။ (၃)ရက်နေ့ကတော့ ကျုံဒိုး-ညောင်ရိပ်သာ ကူးတို့လှေဆိပ်ကို စည်ပင်က ကမ်းကူးခွင့်ပေးတယ်ဆိုပြီးပြောလို့ ပြန်ကူးလာတဲ့ ဖောင်မောင်းသူ ၄ ယောက်ကို စကစ ဖမ်းခေါ်ထားတယ်။” ဟု ကေအိုင်စီကို ပြောသည်။

မြစ်ကူးပေးသည့် အရပ်သား(၄)ဦး ဖမ်းဆီးခံရခြင်းနှင့်ပတ်သက်၍ ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနေဆဲဖြစ်သည်။

မြစ်ကူးဂိတ်များကန့်သတ်ခြင်းဖြင့် ကျုံဒိုး အနောက်ဘက်ကမ်း ကျေးရွာများသို့သွားလာရေးကို စစ်အုပ်စုက ထိန်းချုပ်ထားသည်။

ထို့အတူ ကျုံဒိုးမြို့သို့ ရောက်လာသော အဆိုပါစစ်အုပ်စုတပ်ဖွဲ့များကို နောင်ထပ္ပံ၊ မြပတိုင်၊ ကိုးတိုင်၊ ခုနှစ်တိုင် ကျေးရွာများဘက်မှတဆင့် ကော့ကရိတ်မြို့ဘက်သို့ လူအချိန်းအပြောင်းလုပ်နေခြင်းလည်းရှိသည်ဟု ကျုုဒိုးစစ်အုပ်စုနှင့်နီးစပ်ရာမှပြောပြချက်အရ သိရသည်။