Home သတင်း ကလေးအကျဥ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့် တန်းတူညီမျှခွင့်အတွက် အစာငတ်ခံဆန္ဒပြ

ကလေးအကျဥ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့် တန်းတူညီမျှခွင့်အတွက် အစာငတ်ခံဆန္ဒပြ

335
Photo: PPNM

မေလ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ မော်လိုက်-ကလေးအကျဉ်းထောင်တွင် စစ်အုပ်စု၏ လွတ်ငြိမ်းချမ်းသာခွင့် ပေးမှုတွင် ခွဲခြားဆက်ဆံခံရခြင်းနှင့် ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ထောင်တွင်း ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသား ၂၀၀ နီးပါးခန့် အစာငတ်ခံ ဆန္ဒပြဖော်ထုတ်ခဲ့ကြကြောင်း နိုင်ငံရေး အကျဉ်းသားများကွန်ရက်-PPNM က မေလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ဆန္ဒဖော်ထုတ်မှုကို ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများက အကျဉ်းထောင်မှ ကျွေးမွေး သည့် အစားအစာများကို မစားဘဲ တစ်နေ့တာလုံး ငြိမ်းချမ်းစွာဖြင့် ပြီးခဲ့သည့် မေလ ၂ ရက်နေ့တွင် “ပြည်သူ့ထမင်းစစ်စစ် စားချင်တယ်” ဟူသော ခေါင်းစဉ်ဖြင့် အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်း ဖြစ်သည်ဟု PPNM ၏ ထုတ်ပြန်ချက်အရ သိရသည်။

ထုတ်ပြန်ချက်အရ နိုင်ငံရေးအကျဉ်းသားများက အကျဉ်းသားများ တန်းတူညီမျှခွင့် ရရှိရေး၊ နိုင်ငံရေးအကျဉ်းသူ/သားများ၏ အခွင့်အရေး အပြည့်အဝရရှိရေးနှင့် တရားဥပဒေစိုးမိုးရေး စသည့် အချက် ၃ ချက်ကို အဓိကထား တောင်းဆိုခဲ့ကြကြောင်း PPNM ကဆိုသည်။

ထို့အပြင် စစ်အုပ်စု၏ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ချက်များတွင် ကျန်ရှိသည့် ပြစ်ဒဏ်ကာလအပေါ် မူတည်၍ လျှော့ရက်ပေးနေခြင်းသည် နှစ်ရှည်ပြစ်ဒဏ် ကျခံနေသူများမှာ လျှော့ရက်နည်းပါးပြီး လတ်တလော ပြစ်ဒဏ်ချမှတ်ခံရသည့် ရာဇဝတ်အကျဉ်းသားများက လျှော့ရက်ပိုမိုရရှိနေသောကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် နိုင်ငံရေးအကျဉ်းသားများကို ချန်လှပ်ထားခြင်းဖြစ်၍ တရားမျှတမှုမရှိကြောင်း နိုင်ငံရေးအကျဉ်းသားများက ထောက်ပြ ဝေဖန်ထားသည်။

ထို့အပြင် ကလေးအကျဉ်းထောင်အတွင်းရှိ အာဏာပိုင်များသည် အဂတိလိုက်စားမှုများ ပြုလုပ်သည့်အပြင် အမျိုးသမီး အကျဥ်းဆောင်အတွင်း ဥပဒေကို အကြောင်းပြကာ ပါဆယ်ပစ္စည်း ပိတ်ပင်ခြင်းနှင့် ဟင်းချက်ခွင့် ပိတ်ပင်ခြင်းတို့ အပါအဝင် နည်းမျိုးစုံဖြင့် နိုင်ငံရေးအကျဉ်းသူများအပေါ် ဖိနှိပ်မှုများ ပြုလုပ်နေကြောင်း PPNM က ဖော်ပြထားသည်။

“ ဆန္ဒထုတ်ဖော်မှုအပေါ် ထောင်အာဏာပိုင်တွေဘက်က လိုက်လျောမှုမရှိတဲ့အတွက် မေလ ၇ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ ခန့်က ထောင်ပိုင်လေးကတစ်ဆင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ အခွင့်အရေးဆိုင်ရာ တောင်းဆိုချက် ၁၅ ချက်ကို ပေးပို့ထားပါတယ်။ ဒီတောင်းဆိုချက်တွေအပေါ် တုံ့ပြန်မှုရှိမရှိကိုတော့ ဆက်လက်စောင့်ကြည့်နေပါတယ်”ဟု PPNM ၏ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ကေအိုင်စီသို့ ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နှင့် ဧပြီလ ၁၈ ရက်နေ့တို့တွင်လည်း အဆိုပါ အကျဥ်းထောင်အတွင်း အခွင့်အရေး ပိတ်ပင်မှုများနှင့် ဖိနှိပ်မှုများကြောင့် အမျိုးသမီးဆောင်မှ နိုင်ငံရေးအကျဉ်းသူများ ဆန္ဒထုတ်ဖော်မှု လုပ်ဆောင်ခဲ့ကြသေးကြောင်း သိရသည်။

လက်ရှိ စစ်အုပ်စုသည် တရားဥပဒေစိုးမိုးရေးကို ကြွေးကြော်ထားသော်လည်း လက်တွေ့တွင် လူသားတိုင်း ရရှိသင့်သည့် တန်းတူညီမျှခွင့်နှင့် အခြေခံလူ့အခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း ကလေးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများ၏ လှုပ်ရှားမှုက သက်သေပြနေသည်ဟု PPNM က ထုတ်ပြန်တွင် ဖော်ပြပါရှိသည်။

ထို့ကြောင့် PPNM အနေဖြင့် နိုင်ငံရေးအကျဉ်းသားများအပေါ် ခွဲခြားဆက်ဆံသည့် မတရားသော လွတ်ငြိမ်းသက်သာခွင့်များနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ပြင်းထန်စွာ ရှုတ်ချကြောင်း၊ ဆန္ဒပြအကျဉ်းသားများအပေါ် နောက်ဆက်တွဲ ဖိနှိပ်မှုများ မရှိစေရေးနှင့် ၎င်းတို့၏ တောင်းဆိုချက်များကို ဖြေရှင်းပေးရန် နိုင်ငံတကာ အကျဉ်းထောင်စောင့်ကြည့်ရေး အဖွဲ့အစည်းများအနေဖြင့် အမြန်ဆုံး အလေးထားစောင့်ကြည့်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။