Home သတင်း လေးကေစခန်းတိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်(၅)ဦးသေဆုံးပြီး ဒုတပ်ရင်းမှူးအပါအဝင်(၂)ဦး ဖမ်းမိ

လေးကေစခန်းတိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်(၅)ဦးသေဆုံးပြီး ဒုတပ်ရင်းမှူးအပါအဝင်(၂)ဦး ဖမ်းမိ

379

ဧပြီ (၁၃)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်ရှိ လေးကေစခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင်(၅)ဦးသေဆုံးပြီး ၎င်းတို့ဒုတပ်ရင်းမှူး(၁)ဦးနှင့်တပ်ဖွဲ့ဝင်(၁)ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်က ဖမ်းဆီးရမိထားကြောင်း ပူးပေါင်းတပ်က ထုတ်ပြန်သည်။

ကေအဲန်ယူ တပ်မဟာ(၁)နယ်မြေတွင် အခြေစိုက်ထားသည့် အကြီးဆုံးစခန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် အဆိုပါလေးကေစခန်းကို ဧပြီလ(၁၂)ရက်နေ့ မနက်ပိုင်းက KNLA၊ ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တပ်ရင်းများနှင့် မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း လေးကေစခန်း၏ဒုတပ်ရင်းမှူးနှင့်တပ်ဖွဲ့ဝင်တစ်ဦးကို အသက်ရှင်လျက်ဖမ်းဆီးခဲ့ပြီး နောက်ထပ် စစ်အုပ်စုတပ်ဖွဲ့ဝင် (၅)ဦးသေဆုံးခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူ(၁၀)ဦးဝန်းကျင်ရှိ၍ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း တိုက်ပွဲဝင် ကျောင်းသားတပ်မတော်-ABSDF နှင့် အထူးတိုင်းစစ်ဌာနဘက်က ထုတ်ပြန်သည်။

စစ်အုပ်စုထံမှ လက်နက်(၅)လက်၊ ၆၀ မမ (၁) လက်နှင့် ခဲယမ်းများအပြင် ဆက်သွယ်ရေးစက်များနှင့် အခြားစစ်သုံးပစ္စည်းများကို တော်လှန်ရေးပူးပေါင်းတပ်က ရရှိခဲ့သည်။ သို့သော် တိုက်ပွဲအတွင်း ABSDF တပ်ရင်း(၃) မှ တပ်ခွဲမှူး(၁)ဦးနှင့် ဒုတပ်ကြပ်(၂)ဦး သေဆုံးခဲ့ကြောင်း ABSDF ၏ ယနေ့ ဧပြီ(၁၃)ရက် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါတိုက်ပွဲကို KNLA ၊ KNDOနှင့် ABSDF အပြင် အထူးတိုင်းစစ်ဌာန နည်းဗျူဟာ (၃၇)၊ (၂၇)အောက်ရှိတပ်ရင်းများ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၊ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ တိုက်ခိုက်ရေးစစ်ကြောင်း၊ UOC စစ်ကြောင်း၊ FFD ဒရုန်းတပ်ဖွဲ့၊ ရောင်နီဒရုန်းတပ်ဖွဲ့၊ Cloud Wings ဒရုန်းတပ်ဖွဲ့၊ KRF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။

လေးကေစခန်းသိမ်းတိုက်ပွဲစတင်သည့် ဧပြီ(၇)ရက်နေ့တွင် ကေအဲန်ယူတပ်မဟာ(၃)နယ်မြေ၊ ဆောထိမြို့နယ်ရှိ စစ်အုပ်စု၏လက်ယက်စခန်းတစ်ခုကိုလည်း KNLA နှင့်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိခဲ့သေးသည်။

ထိုတိုက်ပွဲတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်(၈)ဦးသေဆုံးပြီး (၃၀)ဦးဒဏ်ရာရ၍ စခန်းစွန့်ခွာထွက်ပြေးသွားသည်ဟု အထူးတိုင်းစစ်ဌာနက တဆက်တည်းထုတ်ပြန်သည်။