ဧပြီ (၁)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး(လယ်ဒို)မြို့နယ်ရှိ စစ်အုပ်စု၏ဂိတ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင်(၅)ဦးသေဆုံးခဲ့ပြီး စစ်မှုထမ်းဖမ်းဆီးခံရသူ တပ်ဖွဲ့ဝင်(၁)ဦး KNLA ထံ လက်နက်ချလာကြောင်း ကေအဲန်ယူက ယနေ့(ဧပြီ ၁ ရက်)တွင် ထုတ်ပြန်သည်။
ယမန်နေ့ မတ်လ(၃၁)ရက်နေ့က သာယာကုန်းရွာနှင့်ခြံကြီးကြား မီးရထားလမ်းတွင် တပ်စွဲနေထိုင်သော စစ်အုပ်စုဂိတ်စခန်းကို KNLA တပ်ရင်း(၉)၊ တပ်ခွဲ(၃)နှင့် ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုဘက်မှ အရာရှိတစ်ဦးအပါအဝင် (၅)ဦးသေဆုံးခဲ့သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။
ထို့အပြင် မတ်လ(၂၉)ရက်နေ့က စစ်အုပ်စုထံမှ တပ်သားအဖြစ်အတင်းအကြပ်စုဆောင်းခံရသည့် အသက်(၂၄)နှစ်အရွယ် မောင်ကျော်စိုးလွင်ဆိုသူမှာ မူးမြို့နယ်၊ တောင်စုရွာတွင်ရောက်ရှိနေသည့်စစ်အုပ်စုထံမှ စွန့်ခွာကာ KNLA တပ်ရင်း(၉)ထံ လက်နက်နှင့်တကွခိုလှုံလာကြောင်းလည်း သိရသည်။
ယမန်နေ့က စခန်းသိမ်းဖြစ်စဥ်တွင် KNLA နှင့်ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုဂိတ်စခန်းရှိ တဲ(၃)လုံးကို ဖျက်ဆီးနိုင်ခဲ့သလို လက်နက်ခဲယမ်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ကေအဲန်ယူ၏ထုတ်ပြန်ချက်က ဖော်ပြထားသည်။

လယ်ဒိုမြို့နယ်အတွင်း ကေအဲန်ယူအုပ်ချုပ်မှုအောက်ရှိ ပြည်သူလူထုကျေးရွာများသို့ ပြီးခဲ့သည့်မတ်လဆန်းကတည်းက စစ်အုပ်စုစစ်ကြောင်းများဝင်ရောက်ခဲ့ပြီး ရွာ၌တပ်ချနေထိုင်ခြင်းကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခြင်းရှိခဲ့ကြောင်း ဒေသခံများကပြောဆိုထားခြင်းရှိသည်။
တဖက်တွင်လည်း KNLA က တပ်မဟာ(၃)နယ်မြေရှိ စစ်အုပ်စုအခြေချနေရာများကို သိမ်းပိုက်ရှင်းလင်းနိုင်ရန် ကြိုးပမ်းနေသလို ပြီးခဲ့သည့် ဇန်နဝါရီမှ မတ်လအထိ စစ်အုပ်စု၏ စခန်း(၂)လုံးသိမ်းနိုင်ခဲ့သည်ဟု ကေအဲန်ယူတပ်မဟာ(၃)တာဝန်ရှိသူက ပြောသည်။
အလားတူ ထို(၃)လအတွင်း လယ်ဒိုမြို့နယ်KNLAထံ လက်နက်ချလာသည့် စစ်အုပ်စုဘက်က စစ်မှုထမ်းတပ်ဖွဲ့ဝင်(၄၀)ကျော်ရှိနေကြောင်းလည်း မြို့နယ်ပြောခွင့်ရသူထံမှ သိရသည်။
Photo crd: KNU



















