Home သတင်း ဖားအံခရိုင်ရှိ စစ်အုပ်စု၏ ကြယ်ပြောင်ကုန်းစခန်းကို KNLA နှင့်ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ရရှိ

ဖားအံခရိုင်ရှိ စစ်အုပ်စု၏ ကြယ်ပြောင်ကုန်းစခန်းကို KNLA နှင့်ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ရရှိ

439
Photo: KIC

ဧပြီ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၇) နယ်မြေ၊ ဖားအံခရိုင်၊ မဲသဝေါဒေသရှိ စစ်အုပ်စု၏ကြယ်ပြောင်ကုန်းစခန်းကို ယနေ့ ဧပြီ(၁၃)ရက်နေ့ မနက်ပိုင်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

မဲသဝေါဒေသရှိ စစ်အုပ်စုတပ်ဖွဲ့အခြေချ ပွိုင့် ၉၆၂ ဗျူဟာကုန်း၏ ကာကင်းစခန်းတစ်ခုဖြစ်သော ကြယ်ပြောင်ကုန်းစခန်းကို KNLA နှင့်မဟာမိတ်တပ်များက သိမ်းလိုက်နိုင်ခြင်းဖြစ်သည်ဟု ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောရှီးလေက အတည်ပြု ပြောသည်။

“မဲသဝေါမှာ စခန်း(၃)ခုရှိတဲ့အထဲက တစ်ခုတော့ရပြီ ပနာအော်မူသူး(ကြယ်ပြောင်ကုန်း)စခန်းဖြစ်တယ်။ အဲဒီက တာဝန်ရှိသူက အတည်ပြုပေးတယ်။ ကျန်တဲ့အသေးစိတ်တော့ မသိ‌ရသေးဘူး” ဗိုလ်မှူးချုပ် စောရှီးလေက ပြောသည်။

ကြယ်ပြောင်ကုန်းစခန်းသိမ်း တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုနှင့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု အခြေအနေများကိုလည်း ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။

အဆိုပါစခန်းများအား ပြီးခဲ့သည့် ဧပြီဒုတိယအပတ်ကတည်းက KNLA နှင့်မဟာမိတ်တပ်ဖွဲ့က တိုက်ခိုက်နေခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်အုပ်စုက လေကြောင်းဖြင့်ရိက္ခာချထားမှုများလုပ်ဆောင်ခဲ့သလို နှစ်ဖက် လက်နက်ကြီးနှင့်ဒရုန်းတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း မဲသဝေါဒေသသတင်းအရင်းအမြစ်မှ သိရသည်။

အမည်မဖော်လိုသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “အဲဒီစခန်းတွေက တြိဂံလိုဖြစ်နေတာ ပွိုင့် ၉၆၂ ကတော့ သူတို့အခေါ် ဗျူဟာကုန်းပေါ့။ ဟိုးအရင်ကတည်းကရှိနေတာ ကြာပြီး။ မာနယ်ပလောမှာတိုက်ပွဲဖြစ်တုန်းကလည်း အဲဒီစခန်းတွေဘက်ကို စစ်တပ်ကအင်အားဖြည့်ထားသေးတယ်။ စခန်း(၃)လုံးပေါင်းရင် အင်အားရာဂဏန်းလောက်တော့ရှိတယ်” ဟု ကေအိုင်စီကို ပြောသည်။

စခန်းသိမ်းတိုက်ပွဲများဖြစ်ပွားစဥ်ကတည်းက အနီးတဝိုက်ရှိ ကျေးရွာသားများမှာ ဘေးလွတ်ရာ ထိုင်းနိုင်ငံဘက်ခြမ်းရှိကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်းလည်း မဲသဝေါရွာခံနှင့်နီးစပ်သူတစ်ချို့ထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလ ၇ ရက်နှင့် ၁၂ ရက်နေ့များတွင်လည်း ကေအဲန်ယူ တပ်မဟာ (၁) ဘီးလင်းမြို့နယ်ရှိ လေးကေစခန်းနှင့် တပ်မဟာ (၃) ဆောထိမြို့နယ်ရှိ လက်ယက်စခန်းတို့ကို KNLA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သေးသည်။