ဧပြီ (၂)ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့၊ ထွန့်ပတိုင်လမ်းဆုံ၊ နောင်လုံတောင်ကြားလမ်းရှိ ဇွဲကပင်ရှမ်းလေးဆီဆိုင်တွင် ယနေ့ ည(၇)နာရီဝန်းကျင်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုအကြောင်းအရင်းကိုမသိရှိရသေးသော်လည်း ဆီဆိုင်အတွင်းမီးစွဲလောင်နေသည်ကို ရိုက်ကူးထားသည့် လူမှုကွန်ရက်သုံးစွဲသူတစ်ဦး၏ ရုပ်သံဖိုင်အရ လူမရှိချိန်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“မီးသတ်ရုံးက ဖားအံမြို့ထဲမှာပဲရှိတယ်။ မီးသတ်တွေမြန်မြန်လေးလွှတ်ပေးပါ။ ပေါက်ထွက်နေပြီ၊ အထဲမှာလည်းကားနှစ်စီးရှိတယ်။ ကျနော်တို့တော့ ဒီလိုသတင်းပေးရုံကလွဲလို့ ဖားအံမြို့ထဲထိမသွားနိုင်ဘူး ဆီမရှိလို့”ဟု အမျိုးသားတစ်ဦးက အဆိုပါရုပ်သံဖိုင်အတွင်း ပြောဆိုထားသည်။
ဆက်လက်၍ ကနဦးရရှိထားသည့်သတင်းအရ မီးငြိမ်းသတ်ရန် ရှမ်းလေးဆီဆိုင်သို့ ဖားအံမြို့မှမီးသတ်ကား(၇)စီးထက်မနည်း ထွက်ခွာသွားပြီး (၇)နာရီမိနစ်(၄၀)တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း မြို့ခံများကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလပိုင်းကလည်း ဖားအံမြို့၊ ဗိုလ်ချုပ်လမ်း၊ လမ်းဂွရှိ ရတနာမြေဆီဆိုင်အမှတ်(၂)တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး (၁)နာရီခွဲခန့် မီးငြိမ်းသတ်ပြီးမှ မီးငြိမ်းနိုင်ခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။



















