Home သတင်း NCA အပစ်ရပ်လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေး ဆက်လက်ဖော်ဆောင်မည်ဟု စစ်ခေါင်းဆောင်ပြော

NCA အပစ်ရပ်လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေး ဆက်လက်ဖော်ဆောင်မည်ဟု စစ်ခေါင်းဆောင်ပြော

467
Photo: AFP

ဧပြီ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က မင်းအောင်လှိုင်က ယမန်နေ့ ဧပြီလ(၁၀)ရက်နေ့တွင် ပြောသည်။

စစ်မှန်၍ စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖယ်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး ရည်ရွယ်ချက်များကို ဆက်လက်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်က အစိုးရအသစ်အနေဖြင့်တက်လာအပြီး မိန့်ခွန်းတွင်ပြောဆိုထားခြင်းဖြစ်သည်။

ထိုမိန့်ခွန်းတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ချုပ်ဆိုထားသည့် အပစ်ရပ်စာချုပ် NCA နှင့်ပတ်သက်၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် သဘောတူထားသည့် စာချုပ် အပိုဒ် ၂ နှင့် ၃ တို့ကို NCA အပိုဒ် ၂၀ နှင့်အညီ ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းဆွေးနွေးသွားမည်ဟု ထည့်သွင်းဖော်ပြသွားသည်။

စစ်အုပ်စုဘက်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် NCA လက်မှတ်ထိုးထားသည့် အဖွဲ့များအကြား သဘောတူညီထားသော ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အချက်များကိုလည်း လွှတ်တော်သို့ တင်သွင်းသွားမည်ဟု ဆိုသည်။

ထို့အပြင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာများအား လွှတ်တော်အတွင်း ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ ကတိသစ္စာပြုပြီးသည့်အချိန်မှစ၍ လွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

အစိုးရသစ်မတက်ခင်ကဖွဲ့စည်းထားသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက)၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ကိုမူ စစ်ခေါင်းဆောင်က ဖျက်သိမ်းလိုက်သည်။

ယင်းနောက် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပြည်ထောင်စုအတိုင်ပင်ခံဥပဒေနှင့်အညီ ‘ပြည်ထောင်စု အတိုင်ပင်ခံကောင်စီ’ ကို ဖွဲ့စည်းတာဝန်ပေးအပ်သွားမည်ဟု ဆိုသည်။

အဆိုပါကောင်စီသည် ပြည်ထောင်စုလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ငြိမ်းချမ်းရေးနှင့် ဥပဒေဆိုင်ရာကိစ္စရပ်များကို အကြံပေးအကောင်အထည်ဖော်ရမည့် တာဝန်ရှိကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ မိန့်ခွန်းတွင် ဖော်ပြပါရှိသည်။

ရုပ်ပြရွေးကောက်ပွဲမတိုင်ခင် အာဏာသိမ်းထားသည့်ကာလတစ်လျှောက် အပစ်ရပ်လက်မှတ်ထိုးထားသည့် လက်နက်ကိုင်များကို NCA အတိုင်းရပ်တည်ရန် ငြိမ်းချမ်းရေးစကားပြောရန် စစ်အုပ်စုက ဖိတ်ခေါ်မှု အကြိမ်ကြိမ်လုပ်ဆောင်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်များဘက်ကမူ အရပ်သားအစိုးရထံမှအာဏာသိမ်းခြင်း၊ နိုင်ငံရေးတွင်စစ်အုပ်စု ဝင်ရောက်ချယ်လှယ်ခြင်း စသည့်အချက်များကြောင့် NCA ပျက်ပြယ်ပြီးဖြစ်သည်ဟု အခိုင်အမာဆိုထားသည်။