ဧပြီ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ ဝေါလေအခြေစိုက်ဗျူဟာစခန်းကုန်း တိုက်ပွဲအတွင်း စစ်အုပ်စုက ဂျက်တိုက်လေယာဥ်၊ Y12၊ Y8 များဖြင့် ပေါင်(၅၀၀)ဗုံးအပါအဝင် ဗုံးအလုံးရေ(၁၀၀)ကျော် ကြဲကျတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များအရ သိရသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် မတ်လ ၃၁ ရက်မှစ၍ စစ်အုပ်စု၏ဝေါလေဗျူဟာစခန်းအပါအဝင် အနီးပတ်ဝန်းကျင်ရှိ ကာကင်းနေရာများအား ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ ကာကင်းစခန်းများသိမ်းယူထားနိုင်သော်လည်း ဝေါလေဗျူဟာတိုက်ပွဲ ဆက်လက်ပြင်းထန်လျက်ရှိရာ ဧပြီ(၂)ရက်မှ (၇)ရက်အတွင်း စစ်အုပ်စုက ဗုံးသီးရာချီ ကြဲချခဲ့သည်ဟု ပူးပေါင်းတပ်ဘက်က ပြောသည်။
“ဝေါလေဗျူဟာက မြေပြင်မှာခုခံဖို့မလွယ်လို့ လေယာဉ်ပဲခေါ် နေရတဲ့အခြေအနေဖြစ်နေပြီ။ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ချတာ (၁၀)လုံးလောက်ရှိတယ်။ Y12နဲ့Y8 က ၁၂၀ မော်တာသီးတွေပတ်ကြဲတာ တစ်ပတ် ကျော်ပြီဆိုတော့ အလုံးရာကျော်ရှိနေပြီ။ တစ်ခါပတ်ကြဲရင် အလုံး(၂၀)လောက်ချတာ။” ဟု KNLA နှင့်ပူးပေါင်းတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့အပြင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆) နယ်မြေရှိ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ပြောပြချက်အရ ဗျူဟာစခန်းကုန်းရိက္ခာမပြတ်စေရေး ခဲယမ်းနှင့်စားစရာများကို စစ်အုပ်စုက လေထီးဖြင့်ချထားပေးမှုရှိသည်ဟု သိရသည်။

လက်ခတ်တောင်နှင့် စစ်အုပ်စုခြေလျှင်တပ်ရင်း ခလရ-၂၇၅ အခြေစိုက်တပ်မှ အသေခံဒရုန်း၊ မစ်ဇိုင်းဒုံး၊ ၁၂၀ ဟောင်ဝှစ်ဇာများဖြင့် ပစ်ကူတိုက်ခိုက်ပေးနေခြင်းရှိသော်လည်း စစ်အုပ်စု မြေပြင်စစ်ကြောင်းများအတွက် ထိရောက်မှုမရှိဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်က ဆိုသည်။
နောက်တန်းမှ KNLA တပ်ဖွဲ့ဝင်တစ်ဦးက “မနေ့ကဆို သူတို့ မင်းလက်ပံနဲ့ ဖလူးကိုလက်နက်ကြီးပစ်တာ မီးထပ်လောင်တယ်။ စစ်ကြောင်းက ဝေါလေကိုဖောက်ထွက်လို့မရသေးဘူးလေ” ဟု ကေအိုင်စီကို ပြောသည်။
လက်ရှိအချိန်ထိ စစ်အုပ်စုသည် မင်းလက်ပံ၊ ဖလူး၊ ဝေါလေလမ်းပိုင်းမှတဆင့် စစ်ကြောင်းတက်ရန်ကြိုးပမ်းနေပြီး KNLA နှင့် မဟာမိတ်တပ်ဖွဲ့က ၎င်းတို့ကို ဖြတ်တောက်ပိတ်ဆို့ထားသည်။
သို့သော် ရှေ့တိုးမရသေးသည့်အခြေအနေကြောင့် ထိုင်းနိုင်ငံဘက်လမ်းကြောင်းအသုံးပြုပြီး ဝေါလေဗျူဟာအတွက် စစ်ကူပို့ရန် စစ်အုပ်စုထောက်ခံသည့်ဝါဒဖြန့်ချန်နယ်များမှ ရေးသားလှုံ့ဆော်မှုအထိ ရှိနေသည်။



















