Home သတင်း အာရှလမ်းမပေါ်ရှိ စစ်အုပ်စုဂိတ်များတွင် ငွေကြေးကောက်ခံမှု ဆက်ရှိနေ

အာရှလမ်းမပေါ်ရှိ စစ်အုပ်စုဂိတ်များတွင် ငွေကြေးကောက်ခံမှု ဆက်ရှိနေ

529
Photo: CJ

ဧပြီလ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်ရှိ စစ်အုပ်စု စစ်ဆေးရေးဂိတ်များတွင် ခရီးသည်များထံမှ ငွေကြေးကောက်ခံခြင်းမပြုရန် တပ်မ (၂၂) တပ်မမှူးက ညွှန်ကြားထားသော်လည်း လက်တွေ့တွင် ပုံစံပြောင်း၍ ဆက်လက်ကောက်ခံမှုများ ရှိနေကြောင်း ခရီးသွားများနှင့် ယာဉ်မောင်းများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂ ရက်နေ့က အဆိုပါ အာရှလမ်းမကြီးအား စစ်အုပ်စုက အခမ်းအနားဖြင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးနောက် လမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များတွင် ခရီးသည်တစ်ဦးလျှင် ငွေကျပ် ၁၀,၀၀၀ နှုန်းဖြင့် အတင်းအဓမ္မကောက်ခံမှုများ ရှိခဲ့သည်။ ထိုသို့ ကောက်ခံမှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်လာပြီးနောက် ဧပြီလ ၇ ရက်နေ့တွင် ဆက်လက်မကောက်ခံရန် တပ်မမှူးက ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

သို့သော် လမ်းတစ်လျှောက်ရှိ ဂိတ်အချို့တွင် ကောက်ခံသည့်နှုန်းထားများသာ လျော့ကျသွားပြီး ငွေတောင်းခံမှုမှာ ရပ်တန့်သွားခြင်းမရှိကြောင်း အငှားယာဉ်မောင်းတစ်ဦး ဖြစ်သူ စောကျော်လှက ကေအိုင်စီသို့ ယခုလိုပြောသည်။

“ဖားအံကနေ မြဝတီထိ စစ်တပ်ဂိတ် ၁၅ ဂိတ်လောက်ရှိတယ်။ အရင်က တစ်ယောက် တစ်သောင်းကောက်တဲ့ဂိတ်တွေက အခုတော့ တစ်ယောက်ကို ၃,၀၀၀ တို့ ၅,၀၀၀ တို့လောက်ပဲ ပေးရတော့တယ်။ လှိုင်ဝဂိတ်ကြီးဆိုရင်တော့ အဖွဲ့စုံရှိတော့ ကားတစ်စီးကို ၃ သောင်းလောက် ပေးရတုန်းပဲ။ အရင်လို အတင်းအဓမ္မကြီးမဟုတ်တော့ပေမယ့် ဈေးနှုန်းလျော့သွားတဲ့ သဘောလောက်ပါပဲ” ဟု ၎င်းက ပြောသည်။

ထို့အပြင် အချို့စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးဟု အမည်တပ်၍ မတောင်းတော့ဘဲ အလှူခံသည့်ပုံစံမျိုးဖြင့် ငွေထည့်ခိုင်းခြင်းများ ပြုလုပ်လာကြောင်း အဆိုပါ လမ်းပိုင်းကို ဖြတ်သန်းသွားလာခဲ့သည့် ခရီးသည် စောရှားက ပြောသည်။

၎င်းက “အခုက ဂိတ်ကြေးလို့ မပြောတော့ဘဲ အလှူခံထည့်ပေးလိုက်ဆိုပြီး ခြင်းထဲကို ထည့်ခိုင်းတယ်။ တစ်ခါတစ်လေ တစ်သောင်း၊ တစ်ခါတစ်လေ ငါးထောင်ပေါ့။ အဲ့ဒါက ဂိတ်ကြေးပေးရတာနဲ့ အတူတူ ပါပဲ။ မြဝတီကနေ ဂျိုင်းအထိ စာရင်းပေးရတာတို့၊ တန်းစီရတာတို့က ၆ ဂိတ်လောက်ရှိတော့ ခရီးကလည်း အတော်ကြန့်ကြာတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ဂျိုင်းတံတားအနီးရှိ ကရင်နယ်ခြားစောင့်တပ် (BGF) ဂိတ်များတွင်လည်း ခရီးသွားများထံမှ ငွေကြေးတောင်းခံမှုများ ရှိနေဆဲဖြစ်သည်။ ထိုင်းနိုင်ငံဘက်မှ ဝင်ရောက်လာသည့် လူသုံးကုန်ပစ္စည်းများကိုလည်း စစ်အုပ်စုဘက်က တင်းတင်းကြပ်ကြပ်စစ်ဆေးပြီး ဖမ်းဆီးသိမ်းယူမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ပေးထားသော်လည်း လမ်းတစ်လျှောက်ရှိ စစ်ဆေးရေးဂိတ်များ၏ ငွေညှစ်မှုနှင့် တင်းကြပ်သော စစ်ဆေးမှုများကြောင့် ခရီးသွားပြည်သူများနှင့် ကုန်သည်များမှာ အချိန်ကြန့်ကြာခြင်းနှင့် ငွေကြေးကုန်ကျခြင်းကို ဆက်လက် ရင်ဆိုင်နေရဆဲဖြစ်သည်။

စစ်ရေးအခြေအနေကြောင့် ၂၀၂၃ ခုနှစ်မှစတင်ကာ ပိတ်ထားခဲ့ရသည့် အာရှလမ်းမကြီးကို ဒေသတွင်း လက်နက်ကိုင်အစုအဖွဲ့အချို့၏ အကူအညီဖြင့် စစ်အုပ်စုက ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ပြန်လည်ထိန်းချုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ လမ်းပိုင်းပိတ်ထားစဉ်အတွင်း ခရီးသွားများမှာ ကြက်ဥတောင်လမ်း၊ ထို့ကော်ကိုးလမ်းနှင့် လမ်းဟောင်းများကို အစားထိုးအသုံးပြုခဲ့ရသည်။ လက်ရှိတွင်လည်း ကော့ကရိတ်တောင်ပိုင်းနှင့် မြောက်ပိုင်းတို့၌ စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်သည်။