Home သတင်း လေကြောင်းဗုံးကြဲမှုကြောင့် ကော့ကရိတ်ရှိ နောင်ကိုင်း၊ မိဖာလဲရွာလုံးကျွတ်နီးပါး ပျက်စီး

လေကြောင်းဗုံးကြဲမှုကြောင့် ကော့ကရိတ်ရှိ နောင်ကိုင်း၊ မိဖာလဲရွာလုံးကျွတ်နီးပါး ပျက်စီး

568
Photo: CJ

ဧပြီ (၉)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြောက်ပိုင်းကို မတ်လ(၂၀)ရက်မှ ဧပြီ(၂)ရက်နေ့အထိ စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် နောင်ကိုင်း၊ မိဖာလဲကျေးရွာရှိ နေအိမ်၊ စာသင်‌ကျောင်း၊ ဘုန်းကြီးကျောင်းများ ပျက်စီးသွားကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ကော့ကရိတ်၊ ကျုံဒိုး အခြေစိုက်စစ်အုပ်စုက ထီဖိုးစံရွာ၊ ရန်ကုတ်၊ ကြောင်လျှာကုန်းလမ်းပိုင်းနှင့် ဒေါနတောင် အောက်ဘိုတဲလမ်းပိုင်းကို ထိုးဖောက်စစ်ကြောင်းတက်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး လေကြောင်း၊ လက်နက်ကြီးဖြင့်လည်း တိုက်ခိုက်လျက်ရှိသည်။ ထို့ကြောင့် နောင်ကိုင်း၊ မိဖာလဲကျေးရွာများ ရွာလုံးကျွတ်နီးပါး ပျက်စီးမှုရှိသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဘက်က ဆိုသည်။

“လေယာဉ်နေ့တိုင်းလာကြဲတယ်၊ လက်နက်ကြီးပစ် ဒရုန်းချတယ်။ နောင်ကိုင်း၊ မိဖာလဲကအိမ်တွေပျက်ကုန်ပြီ။ မတ်လတုန်းက လေယာဥ်ကြဲသွားတုန်းကလည်း မိဖာလဲမှာ ဘုန်းကြီးကျောင်းတစ်ဝင်းလုံး ပြိုသွားတယ်။ ထီးဖိုစံဘုန်းကြီးကျောင်းလည်း အဲဒီလိုပဲ” ဟု KNLAနှင့်မဟာမိတ်တပ်မှ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ထို့အပြင် ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာများသို့ ထိုးစစ်ဆင်ရန်ကြိုးပမ်းနေသည့်စစ်အုပ်စုမှာ ကျုံဒိုးမှတဆင့် စစ်ကြောင်းထွက်လာခြင်းရှိသည်။ ၎င်းတို့အတွက် လေကြောင်းဖြင့် ယနေ့ ဧပြီ(၉)ရက်နေ့၊ မနက်ပိုင်း (၁၁)နာရီဝန်းကျင်တွင် ကင်းထောက်ကူခဲ့သလို ခြေမြန်တပ်ရင်း ခမရ-၅၄၆ မှလည်း ဟောင်ဝှစ်ဇာဖြင့် ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည်ဟု KNLA ဘက်က ဆိုသည်။

အမည်မဖော်လိုသူ KNLA တပ်ဖွဲ့ဝင်က “ကျုံဒိုးလမ်းကနေ တောင်ကမ္ပရိုက်၊ မိဂလုံ၊ တောင်ကြာအင်း၊ ကမ်းနီဘက်ခြမ်းတွေကို တက်လာဖို့တိုးနေတာ။ ဟောင်သရောမြစ်တစ်ဖက်ကမ်းက ရွာဘက်တွေကိုတော့ စစ်ကြောင်းလိုက်ကြီးတိုးမလာသေးဘူး ” ဟု ကေအိုင်စီကို ပြောသည်။

ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ရေးပဋိပက္ခပြင်းထန်နေသည့်အချိန်တွင် စစ်အုပ်စုသည် ပြီးခဲ့သော ဧပြီ(၂)ရက်နေ့က အာရှကုန်သွယ်လမ်းမကြီးကို ပြန်ဖွင့်၍ယာဥ်သွားလာခွင့်ပြုထားသည်။ ထို့နောက် ရက်ပိုင်းအတွင်း ကျုံဒိုးမှကော့ကရိတ်ရှိ စစ်အုပ်စု ခြေလျှင်တပ်ရင်း ခလရ-၉၇ ဘက်သို့ နေ့စဥ်နီးပါး လက်နက်ခဲယမ်းနှင့်စစ်ကူအင်အားများ ဖြည့်နေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

ထို့အတူ ၎င်းတို့၏ဒဏ်ရာရတပ်ဖွဲ့ဝင်များ၊ တပ်အချိန်းအပြောင်းလုပ်သည့်တပ်ဖွဲ့ဝင်များအား အာရှလမ်းမှ ဖားအံမြို့ဘက်သို့ နေ့စဥ်သယ်ယူပို့ဆောင်မှု လုပ်ဆောင်နေသည်ဟုလည်း တော်လှန်ရေးတပ်ဘက်က ပြောသည်။