Home သတင်း ဘီးလင်းမြို့နယ် ကျေးရွာ(၁၃)ရွာနေ ဒေသခံ (၁၀,၀၀၀)ကျော် စစ်ဘေးရှောင်နေရ

ဘီးလင်းမြို့နယ် ကျေးရွာ(၁၃)ရွာနေ ဒေသခံ (၁၀,၀၀၀)ကျော် စစ်ဘေးရှောင်နေရ

509
Photo: KNU

ဧပြီ (၁၁)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)နယ်မြေ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာပေါင်း(၁၃)ခုမှ အမျိုးသမီး (၆,၀၀၀)ကျော်အပါအဝင် စုစုပေါင်း ဒေသခံ (၁၃,၀၂၆) ဦးမှာ စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်နေရကြောင်း ကေအဲန်ယူ ဒူးသထူခရိုင်မှ သိရသည်။

ဘီးလင်းမြို့နယ်၊ မြစ်ကျိုးကျေးရွာအုပ်စု၊ မင်းစောကျေးရွာအုပ်စု၊ ဝင်းတာပန်ကျေးရွာအုပ်စုတို့မှ ရွာပေါင်း(၁၃)ရွာနေ ဒေသခံပြည်သူ (၁၃,၀၂၆)ဦးမှာ ပြီးခဲ့သည့် ဧပြီ(၂)ရက်နေ့မှ (၉)ရက်နေ့အထိ စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုလုပ်ဆောင်သောကြောင့် ဘေးလွတ်ရာတွင်တိမ်းရှောင်နေရသည်ဟု ဆိုသည်။

“စစ်ဘေးရှောင်ကတော့တော်တော်များတယ်။ နယ်ထဲတွေကိုပြေးကြတယ်။ တချို့ကနီးစပ်ရာပြေးကြတယ်။ အဓိကကတော့ လွတ်တဲ့နယ်ဘက်ပြေးကြတာပေါ့” ဟု ဘီးလင်းဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဒူးသထူခရိုင်ဘက်ကပြောပြချက်အရ အဆိုပါကျေးရွာများတွင် စစ်အုပ်စုမှလေကြောင်းဗုံးကြဲတိုက်ခိုက်မှု (၂၆) ကြိမ်လုပ်ဆောင်ခဲ့ပြီး အော်လီဂန်းဖြင့်(၃)ကြိမ်ပစ်ခတ်သွားကြောင်း သိရသည်။ လတ်တလော စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ နေရာအခင်းအကျင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးပေါ်လိုအပ်နေသည်ဟု ဆိုသည်။

Photo: KNU

စစ်ဘေးရှောင်များမှာ ဝင်းတာပန်ကျေးရွာအုပ်စုတွင် အိမ်ခြေ(၃၃၈)ရှိပြီး ကျား၊မ လူဦးရေစုစု ပေါင်း(၁,၉၇၄)ဦး ရှိသည်။ မြစ်ကျိုးကျေးရွာအုပ်စု၊ အိမ်ခြေ(၁,၂၀၀)တွင် လူဦးရေ (၇,၀၄၂)ဦး ဖြစ်ပြီး မင်းစောကျေးရွာအုပ်စု အိမ်ခြေ(၇၁၆)၌ လူဦးရေစုစုပေါင်း(၄,၀၁၀)ဦး ရှိကြောင်း ခရိုင်ကမှတ်တမ်းတင်ထားသည်။

တဖက်က နယ်မြေစစ်ရေးအခြေအနေ ဘီးလင်းမြို့နယ်ရှိ စစ်အုပ်စု၏ဝင်းတာပန်စခန်းနှင့် လေးကေစခန်းတို့ကို ဧပြီလ(၇)ရက်နေ့မှစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ရန် ကြိုးပမ်းနေခြင်းရှိသည်။

တိုက်ပွဲမဖြစ်ပွားခင် ဧပြီလ(၁)ရက်နေ့တွင်လည်း စစ်အုပ်စုသည် မြစ်ကျိုးကျေးရွာအုပ်စု၊ လေးကေရွာကို လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သလို လေးကေအပါအဝင် အနီးအနားရွာမှနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

အလားတူ ဧပြီ(၄)ရက်နေ့ကလည်း ကျေးရွာအတွင်းရှိ ဘုရားစေတီဝန်းကျင်ကို လေကြောင်းတိုက်ခိုက်သွားပြီး ခရီးသည်အရပ်သားပြည်သူ (၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဘီးလင်းမြို့နယ် ကေအဲန်ယူဘက်မှ သိရသည်။