Home သတင်း စစ်အုပ်စု၏ပစ်ခတ်မှုကြောင့် ကေအဲန်ယူ-သထုံခရိုင်တွင် နှစ်လအတွင်း အရပ်သား(၈)ဦးသေဆုံးပြီး (၁၉) ဦးဒဏ်ရာရ

စစ်အုပ်စု၏ပစ်ခတ်မှုကြောင့် ကေအဲန်ယူ-သထုံခရိုင်တွင် နှစ်လအတွင်း အရပ်သား(၈)ဦးသေဆုံးပြီး (၁၉) ဦးဒဏ်ရာရ

525
Photo crd- KNU (ပုံဟောင်း)

ဧပြီ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ သထုံခရိုင်တွင် ပြီးခဲ့သည့် နှစ်လတွင်း စစ်အုပ်စု၏လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား(၈)ဦးသေဆုံးပြီး (၁၉)ဦးဒဏ်ရာရရှိသွားကြောင်း ကေအဲန်ယူသထုံခရိုင် လချုပ်စာရင်းအရ သိရသည်။

ကျိုက်ထို၊ သထုံ၊ ဖားအံနှင့် ဘီးလင်းမြို့နယ်တို့တွင် ဖေဖော်ဝါရီနှင့် မတ်လအတွင်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက ကျေးရွာများသို့ လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှု (၄) ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု (၉) ကြိမ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ပစ်ခတ်မှုကြောင့် အရပ်သား (၈) ဦး သေဆုံးကာ (၁၉) ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဘုန်းကြီးကျောင်း အပါအဝင် နေအိမ် (၅) လုံးနှင့် ပြည်သူပိုင်မော်တော်ယာဥ် (၃)စီးလည်း ပျက်စီးသွားသည်ဟု သထုံခရိုင်စာရင်းက ဖော်ပြသည်။

လက်နက်ကြီးပစ်ခတ်မှုများကို စစ်အုပ်စု၏ အမှတ်-၄၄၊ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ (ခမရ-၂) ခြေမြန်တပ်ရင်း၊ အမြှောက်တပ်-၃၁၄၊ ခြေမြန်တပ်ရင်း (ခမရ-၉) နှင့် အမှတ် (၃၁၀) အမြောက်တပ်ရင်းတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ထို့အပြင် သထုံခရိုင်တွင် နှစ်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA နှင့် မဟာမိတ်တပ်များ၏စစ်အုပ်စုနှင့်တိုက်ပွဲ (၃၁)ကြိမ်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။ တိုက်ပွဲအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၂၂) ဦးသေဆုံးပြီး (၁၄) ဦးဒဏ်ရာရရှိသွားကြောင်းလည်း ကေအဲန်ယူစာရင်းကဖော်ပြသည်။

စစ်အုပ်စု၏ လေးကေစခန်း၊ ဝင်းတာပန်စခန်းနှင့် အခြားဂိတ်စခန်းငယ်များကို ဒရုန်းဗုံးပစ်ခတ်ခြင်း၊ ပြောက်ကျားပစ်ခတ်ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်ခြင်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်က လုပ်ဆောင်နိုင်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင် (၅) ဦး သေဆုံးပြီး (၄) ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်။

ကေအဲန်ယူစာရင်းအရ ပြီးခဲ့သည့် ဒီဇင်ဘာလနှင့် ယခုနှစ် ဇန်နဝါရီလအတွင်းတွင်လည်း တပ်မဟာ (၁) နယ်မြေတွင် စစ်အုပ်စု၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၉ ဦးသေဆုံးခဲ့သေးသည်။

ထို့အတူ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလကုန်အထိ ခရိုင်အတွင်း ပဋိပက္ခကြောင့်နေရပ်စွန့်ခွာရှောင်တိမ်းနေရသူ (၁၅၀,၀၀၀) နီးပါး ရှိနေသည်ဟု ကေအဲန်ယူအပါအဝင် စစ်ဘေးရှောင်ကူညီသူ သတင်းအရင်းအမြစ်များက ဆိုသည်။