မတ်လ ၁၀ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ရန်ပုံငွေရှာဖွေရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ပိုမိုရရှိလာစေရန် ရည်ရွယ်၍ သြစတြေးလျနိုင်ငံသို့ သွားရောက်ခဲ့သည့် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်၏ ခရီးစဉ်သည် အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းများထံမှ သိရသည်။
အဆိုပါ ခရီးစဉ်အတွင်း ဒေါက်တာစင်သီယာမောင်သည် သြစတြေးလျနိုင်ငံရှိ မြို့ကြီးများသို့ သွားရောက်ခဲ့ရာ မတ်လ ၁ ရက်နေ့တွင် ဝေရီဘီ (Werribee) မြို့ရှိ ကရင်လူထုများနှင့် တွေ့ဆုံကာ နယ်စပ်ဒေသ ကျန်းမာရေးအခြေအနေများကို ဆွေးနွေးပြောကြားခဲ့သည်ဟု သိရသည်။
ထို့နောက် မတ်လ ၂ ရက်မှ ၃ ရက်နေ့အထိ ကင်ဘာရာ (Canberra) မြို့ရှိ သြစတြေးလျလွှတ်တော်သို့ သွားရောက်ကာ လွှတ်တော်အမတ်များ၊ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ လက်ရှိလူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများကို တင်ပြကာ အကူအညီများ တိုးမြှင့်ပေးရန် တိုက်တွန်းပြောဆိုခဲ့ကြောင်း ခရီးစဉ်အတွင်း လိုက်ပါကူညီဆောင်ရွက်သူများထံမှ သိရသည်။
AKO ဥက္ကဋ္ဌ စောလွင်ဦးက “ကင်ဘာရာမြို့ ပါလီမန်မှာ နိုင်ငံခြားရေးဝန်ကြီး အပါအဝင် အားလုံးနဲ့ တွေ့ဆုံတယ်။ ၂ ရက်နီးပါးအတွင်း Appointment ၄ ခု၊ ၅ ခုလောက် တွေ့ရတယ်။ ခရီးစဉ်မှာ အားလုံးရဲ့ ခံယူချက်တွေက မယ်တော်ဆေးခန်းကို ဘတ်ဂျက်အရ မပစ်ထားတော့ဘူး၊ တစ်ခုခုတော့ လုပ်ပေးမယ်ဆို တာမျိုး နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်ကလည်း ပြောပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် မတ်လ ၄ ရက်မှ ၇ ရက်နေ့အထိ ဆစ်ဒနီ (Sydney) မြို့ရှိ အလုပ်သမားသမဂ္ဂများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သလို ရန်ပုံငွေရှာဖွေရေး ဂါလာညစာစားပွဲများကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရရှိလာသော ရန်ပုံငွေများကို မယ်တော်ဆေးခန်းနှင့် ၎င်း၏မိတ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် နယ်စပ်တစ်လျှောက်ရှိ အရေးပေါ်ကျန်းမာရေးဝန်ဆောင်မှုများတွင် အသုံးပြုသွားမည်ဟု ဆိုသည်။

ယခုခရီးစဉ်ကို Union Aid Abroad-APHEDA အဖွဲ့က တာဝန်ယူစီစဉ်ပေးခဲ့ပြီး သြစတြေး လျကရင်အဖွဲ့အစည်း (AKO) နှင့် ဗမာလူမှုကူညီရေးအဖွဲ့ (BCDC) တို့က ပူးပေါင်းပါဝင်ကူညီခဲ့ကြခြင်း ဖြစ်သည်။
ဒေါက်တာစင်သီယာမောင်သည် ယခုခရီးစဉ်မတိုင်မီ နယူးဇီလန်နိုင်ငံရှိ Auckland၊ Wellington နှင့် Nelson မြို့များသို့ သွားရောက်ကာ အစိုးရတာဝန်ရှိသူများ၊ ဆရာဝန်အသင်း၊ နပ်စ် (သူနာပြု) အသင်းနှင့် Union Aid အဖွဲ့အစည်းများနှင့် တွေ့ဆုံစဉ် ယခုကဲ့သို့ ဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးသည်။
“ဆရာမဆေးခန်းအတွက် အကူအညီတွေကတော့ နယူးဇီလန်နဲ့ သြစီဘက်မှာ လမ်းကြောင်းပွင့်သွားပြီလို့ ပြောလို့ရတယ်။ ခရီးစဉ်က အောင်အောင်မြင်မြင်နဲ့ အကျိုးရှိသွားတဲ့အတွက် ဝမ်းသာပါတယ်။ နယူးဇီလန်ရော သြစီပါ သူ့ကို တအားကြိုဆိုပြီး ကူညီပေးကြတယ်” ဟု ခရီးစဉ်အတွင်း လိုက်ပါကူညီဆောင်ရွက်ခဲ့သူ တစ်ဦးက ပြောသည်။
ဒေါက်တာစင်သီယာမောင်နှင့် အဖွဲ့ဝင်များ၏ သြစတြေးလျနိုင်ငံခရီးစဉ်သည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး မတ်လ ၈ ရက်နေ့တွင် သြစတြေးလျနိုင်ငံမှ ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဖွား ကရင်တိုင်းရင်းသူတစ်ဦးဖြစ်သည့် ဒေါက်တာစင်သီယာမောင်သည် ၁၉၈၉ ခုနှစ်တွင် လုပ်ဖော်ကိုင်ဖက်များနှင့်အတူ မယ်တော်ဆေးခန်းကို စတင်တည်ထောင်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်တစ် လျှောက်ရှိ ရွှေ့ပြောင်းနေထိုင်သူများ၊ မြန်မာဒုက္ခသည်များနှင့် နိုင်ငံမဲ့ပြည်သူများအား ဆယ်စုနှစ် သုံးခုကျော်ကြာ အခမဲ့ ကျန်းမာရေးနှင့် ရွှေ့ပြောင်းပညာရေးလုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက်ရှိသည်။
၎င်းသည် ၁၉၉၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ နိုင်ငံတကာမှ ပေးအပ်သော ဂုဏ်ထူးဆောင်ဆုပေါင်း ၂၀ ကျော် ရရှိထားသူလည်း ဖြစ်သည်။



















