Home သတင်း ပဲခူးတိုင်းတွင် စစ်ပဋိပက္ခကြောင့် ငါးနှစ်အတွင်း အရပ်သား ၁,၄၀၀ ကျော် သေဆုံးခဲ့

ပဲခူးတိုင်းတွင် စစ်ပဋိပက္ခကြောင့် ငါးနှစ်အတွင်း အရပ်သား ၁,၄၀၀ ကျော် သေဆုံးခဲ့

391
Photo: Social Media

မတ်လ ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီးတွင် အာဏာစသိမ်းသည့်အချိန်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ (၃၁) ရက်နေ့ထိ ငါးနှစ် အတွင်း စစ်ပဋိပက္ခကြောင့် သေဆုံးသူ အရပ်သား (၁,၄၆၀) ဦးအထိ ရှိလာကြောင်း Data for Myanmar ၏ မတ်လ (၁၀) ရက်နေ့ထုတ် အစီရင်ခံစာအရ သိရသည်။

လက်နက်ကိုင်အဖွဲ့အစည်းများက အရပ်သားများကို ပစ်မှတ်ထားသတ်ဖြတ်မှုကြောင့် အမျိုးသား (၈၅) ရာခိုင်နှုန်း ပါဝင်သော သေဆုံးသူ (၉၀၀) ဦးရှိပြီး စစ်လက်နက်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ (၄၃၈) ဦးဖြစ်သည်။ ၎င်းတို့အနက် (၄၅) ရာခိုင်နှုန်းမှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်သည်ဟု အစီရင်ခံစာက ဖော်ပြသည်။

အရပ်သားများ သေဆုံးမှုနှင့် ပတ်သက်၍ လက်နက်ကိုင်အဖွဲ့များအနေဖြင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းများကို လိုက်နာရန် လိုသည်ဟု Data for Myanmar ၏ တာဝန်ရှိသူက ဆိုသည်။

“လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့အရပ်သားတွေကို ပစ်မှတ်ထား သတ်ဖြတ်မှုတွေကို ရပ်တန့်ပြီး စစ်ရေးကျင့်ဝတ်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်။ အရပ်သားတွေအပေါ် အကာအကွယ်ပေးရေး အစီအမံတွေနဲ့ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေပါတယ်” ဟု ၎င်းတာဝန်ရှိသူက တိုက်တွန်းပြောဆိုသည်။

ပဲခူးတိုင်းတွင် အရပ်သား သေဆုံးမှုအများဆုံးမှာ တောင်ငူခရိုင်နှင့် သာယာဝတီခရိုင်တို့ဖြစ်ပြီး ခရိုင်နှစ်ခုပေါင်း အရပ်သားသေဆုံးမှု (၉၀၀) ကျော်ရှိကြောင်း အစီရင်ခံစာအရ သိရသည်။

ထို့အပြင် ပြီးခဲ့သည့် ၂၀၂၃ ဇန်နဝါရီမှ ၂၀၂၅ ခုနှစ် ဇွန်လအထိ လပေါင်း (၃၀) အတွင်း အရပ်သားသေဆုံးမှုနှုန်း အမြင့်ဆုံးဖြစ်၍ သေဆုံးသူ (၉၆၂) ဦး၊ လစဉ်လျှင် ပျမ်းမျှအရပ်သား (၃၂) ဦးခန့် ထိုကာလ၌ သေဆုံးခဲ့သည်ဟု Data for Myanmar က ဆိုသည်။

၂၀၂၃ ခုနှစ်၊ မေလက ကျောက်ကြီးမြို့နယ် ညောင်ပင်သာကျေးရွာသို့ စစ်အုပ်စု စစ်ကြောင်းထိုးမှု အတွင်းပင် ဖမ်းဆီးသတ်ဖြတ်ခံရသူ (၂၀) ဦးရှိသည်။ ၂၀၂၅ မေလ၌ ကျွန်းကြီးကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်ကြောင့် (၁၂) ဦး သေဆုံးပြီး (၃၇) ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းဖြစ်စဉ်များမှာ အရပ်သားများ အစုလိုက်အပြုံလိုက် သေဆုံးခြင်းအဖြစ် မှတ်တမ်းတင်ထားကြောင်း အစီရင်ခံစာအရ သိရသည်။

ထို့ကြောင့် အရပ်သားများ ပစ်မှတ်ထား တိုက်ခိုက်ခံနေရမှုအပေါ် အမြန်ဆုံးရပ်တန့်ရေး နိုင်ငံတကာ ဖိအားပေးမှုလိုအပ်ပြီး မီဒီယာများတွင် မှတ်တမ်းတင်ရန်သာမက လူမှုအဖွဲ့အစည်းများမှ အရပ်သားများ ထိခိုက်မှုနည်းအောင် အသိပညာ၊ နည်းပညာ အကူအညီပေးနိုင်ရေး ရန်ပုံငွေများ အကူအညီလိုအပ်သည်ဟု အဖွဲ့က အကြံပြုထားသည်။

ပြီးခဲ့သည့် မတ်လ (၅) ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ် ကျောင်းကုန်းကျေးရွာအုပ်စုသို့ စစ်အုပ်စု စစ်ကြောင်းထိုးဝင်ရန် လေကြောင်းပစ်ကူပေးသောကြောင့် အရပ်သား (၂၅) ဦး သေဆုံးခဲ့သလို (၅) ဦး ဖမ်းဆီးသတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့သေးသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သတ်မှတ်နယ်မြေအရ ပဲခူးတိုင်းဒေသကြီး နယ်မြေအများစုသည် တပ်မဟာ (၃)၊ ညောင်လေးပင်ခရိုင်အတွင်း ပါဝင်၍ ကရင်လက်နက်ကိုင်တပ်များအပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း နယ်မြေထိန်းချုပ် စစ်ရေးလှုပ်ရှားသည်။