မတ် ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်လူငယ်တစ်ဦးကို ထိုင်းမျိုးချစ်အဖွဲ့ဝင်များက အုပ်စုဖွဲ့ရိုက်နှက်သည့်ကိစ္စကို စုံစမ်းဖော်ထုတ်ပြီး ဥပဒေနှင့် အညီ တရားမျှတစွာ အရေးယူပေးရန် ထိုင်းနိုင်ငံ ချင်းမိုင်အခြေစိုက် ကရင်ယဉ်ကျေးမှုနှင့် သဘာဝ ပတ်ဝန်းကျင်ကွန်ရက် (Karen Network for Culture and Environment – KNCE) က ယနေ့ မတ်လ ၁၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။
ကရင်လူငယ်တစ်ဦးကို အုပ်စုဖွဲ့ရိုက်နှက်ပြီး မီဒီယာပေါ်တွင် အရှက်ခွဲသည့် လုပ်ရပ်အပေါ် ကရင်ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ကွန်ရက်အဖွဲ့ (KNCE) အနေဖြင့် ကန့်ကွက်ကြောင်းနှင့် တရားမျှ တမှုရှိစွာ ဆောင်ရွက်ပေးရန်လည်း တိုက်တွန်းထားသည်။
ထိုင်းလူမျိုးများအား ကာကွယ်ပေးရန်နှင့် ထိုင်းဂုဏ်သိက္ခာအတွက် ဝါဒဖြန့်မှုများဖြင့် ကရင်လူမျိုးကို ယခုလို အကြမ်းဖက်ရိုက်နှက်ခြင်း၊ အွန်လိုင်းပေါ်အရှက်ခွဲခြင်းသည် လက်မခံနိုင်ကြောင်း KNCE အဖွဲ့က ပြောသည်။ ထို့အပြင် မျိုးချစ်စိတ်ကို အကြောင်းပြပြီး ယဉ်ကျေးမှု မတူကွဲပြားသူများအပေါ် အကြမ်းဖက်လုပ်ဆောင်ခြင်းသည် လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ဖြစ်စေသည်ဟုလည်း ဆိုသည်။
“ဒီပြဿနာက ဘယ်သူမှားလဲ၊ မှားတဲ့လူကို နိုင်ငံရဲ့ ဥပဒေအတိုင်း အရေးယူပေးဖို့ လုပ်ဆောင်စေချင်တယ်။ ဘက်မလိုက်ဘဲ တန်းတူညီမျှမှု စစ်ဆေးပြီး သွားစေချင်တယ်။ နောက်တစ်ချက်က ဒီကိစ္စကို တာဝန်ရှိသူတွေက ပွင့်လင်းမြင်သာမှုရှိစေချင်တယ်။ နောက်ပြီး ကျနော်တို့က ဒီကိစ္စကို ဆက်စောင့်ကြည့်မယ်လို့ ပြောချင်တယ်” ဟု KNCE ဥက္ကဋ္ဌ လက်ထောက်ပါမောက္ခ Dr. Suwichan Phattanaphraiwan က ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ၎င်းတို့သည် ရွှေ့ပြောင်းသူများမဟုတ်ဘဲ ကရင်လူမျိုးဖြစ်ပြီး ထိုင်းနိုင်ငံသား မည်သို့ဖြစ်လာကြောင်း ပြောဆိုခြင်းသည် ဌာနေကရင်လူမျိုးများ၏ ဂုဏ်သိက္ခာကို စော်ကားရာရောက်သည့်အတွက် ထိုင်းနိုင်ငံရှိ ကရင်လူမျိုးအနေဖြင့် လက်ခံ၍မရဘဲ ယခုလို စာထုတ်ပြန်ရခြင်းဖြစ်ကြောင်းလည်း Dr. Suwichan Phattanaphraiwan က ဖြည့်စွက်ပြောသည်။
ထို့ကြောင့် ထိုင်းနိုင်ငံတစ်ဝှမ်းရှိ ပြည်နယ် (၁၆) ခုမှ ရပ်ရွာကွန်ရက်များ ပါဝင်သည့် ကရင်ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ကွန်ရက်အနေဖြင့် ထိုကိစ္စအပေါ် တရားစီရင်ရေးဆောင်ရွက်သည့် လုပ်ငန်းစဉ် ပြီးဆုံးသည်အထိ အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ပတ္တရားကမ်းခြေရှိ စားသောက်ဆိုင်တစ်ခုတွင် ဖြစ်ပွားခဲ့သော အချင်းများမှုကို အခြေခံ၍ အသက် ၂၇ နှစ်အရွယ် ကရင်လူငယ် ‘နိုင်ဒေ့’ ကို ထိုင်းမျိုးချစ်အဖွဲ့တစ်ခုက အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သည့် ဗီဒီယိုဖိုင်သည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့ခဲ့သည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်၍ အဆိုပါ အကြမ်းဖက်လုပ်ဆောင်မှုကို ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံသား အများအပြားကလည်း ထုတ်ဖော်ပြောဆိုလျက်ရှိကြသည်။

အကြမ်းဖက်ရိုက်နှက်ခံရသည့် လူငယ်သည် ထိုင်းနိုင်ငံတွင် မွေးဖွားပြီး တောင်ပေါ်သားကတ် ကိုင်ဆောင်ထားသည့် ကရင်လူငယ်တစ်ဦးဖြစ်ကာ ထိုင်းနိုင်ငံသားကတ်ရရှိရန် လျှောက်ထားဆဲဖြစ်သည်။
အရိုက်ခံရသည့် လူငယ်ဘက်မှ ရဲစခန်းတွင် အမှုဖွင့်တိုင်ကြားသည့်အတွက် ကျူးလွန်သူ ထိုင်းမျိုးချစ်အဖွဲ့ (နှုတ်ခမ်းမွှေးအဖွဲ့) မှ ရဲစခန်းတွင် လာရောက်တောင်းပန်မှုလုပ်ဆောင်ခဲ့သည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
“တရားမျှတဖို့အတွက် ဥပဒေရှိတယ်။ ဒီလို အကြမ်းဖက်လုပ်ဆောင်တာက လုံးဝမလုပ်သင့်တာ။ မြန်မာပြည် သူဖြစ်စေ၊ ထိုင်းနိုင်ငံသားဖြစ်စေ ရိုက်နှက်လို့မရဘူး။ လူမျိုးစုအခွင့်အရေး ကာကွယ်ဖို့ ဥပဒေရှိထားပြီး ဒါနဲ့ အရေးယူဆောင်ရွက်ပေးသင့်တယ်” ဟု ကန်ချနဘူရီခရိုင်တွင် ကရင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံခဲ့ဖူးသူ စောထီ့ဝါးက ကေအိုင်စီသို့ ပြောသည်။
ကရင်လူမျိုးများသည် ထိုင်းနိုင်ငံတော် မြေပုံနယ်နိမိတ်များ မရေးစွဲခင်ကတည်းက တည်ရှိနေထိုင်ကာ မြို့၊ ရွာများကို အတူတကွ တည်ဆောက်ကြပြီး မြစ်၊ ချောင်း၊ သစ်တောများကိုလည်း အတူတကွ စောင့်ရှောက်လာခဲ့ကြကြောင်းနှင့် ကရင်လူမျိုးများသည် ထိုင်းလူ့အဖွဲ့အစည်းအတွက် ပြင်ပလူများ မဟုတ်ကြောင်းလည်း KNCE ထုတ်ပြန်ကြေညာချက်ထဲတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေး၊ ဘာသာစကားနှင့် ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ လူမျိုးရေးခွဲခြားမှုကို ကာကွယ်ရန်နှင့် အခွင့်အလမ်းများ တန်းတူညီမျှရရှိစေရန် ရည်ရွယ်သည့် “လူမျိုးစုအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပထမဆုံးသော ဥပဒေ” ကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်က ပြဋ္ဌာန်းခဲ့ပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် ကရင်အခွင့်အရေး လှုပ်ရှားဆောင်ရွက်သူများထံမှ သိရသည်။
ထိုင်းနိုင်ငံအတွင်းရှိ ဌာနေကရင်လူမျိုးများ၏ နေထိုင်ရာနယ်မြေ အခွင့်အရေးကို ကာကွယ်ရန် ရည်ရွယ်ပြီး ကရင်ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ကွန်ရက်(KNCE)ကို လွန်ခဲ့သည့် နှစ် ၂၀ ကျော်က ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။



















