ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်အတွင်း အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်သူများအဖြစ် ဟန်ဆောင်ကာ ကျောင်းသားများ၏ ကိုယ်ရေးအချက်အလက်များကို ခိုးယူခဲ့သူ ၃ ဦးကို ထိုင်းအွန်လိုင်းငွေလိမ်မှုတိုက်ဖျက်ရေးဗဟိုဌာန (Anti-Cyber Scam Centre) က ယနေ့ ဖေဖော်ဝါရီ ၂၄ရက်တွင် ဖမ်းဆီးလိုက်သည်ဟု ထိုင်းသတင်းဌာနများက ဖော်ပြသည်။
အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး သင်တန်းပေးသူများအဖြစ် အယောင်ဆောင်ကာ ကျောင်းသားလူငယ် ရာပေါင်းများစွာ၏ ကိုယ်ရေးအချက်အလက်များကို ခိုးယူခဲ့သည့် ငွေလိမ်ဂိုဏ်းအဖွဲ့ဝင် ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ်မှာ ဖမ်းဆီးရမိသူများသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်းက မယ်အေးမြို့နယ်ရှိ စုခရူထိုင်း (Sukrutai) ကျောင်းနှင့် ဟွေဆာလာ (Huay Sala) ကျောင်းများသို့ သွားရောက်၍ နာမည်ကြီး မိုဘိုင်းဖုန်းကုမ္ပဏီတစ်ခု၏ ကိုယ်စားလှယ်များအဖြစ် အယောင်ဆောင်ပြောဆိုပြီး ကျောင်းသား များအား အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးသင်တန်းများ ပို့ချပေးရန်နှင့် အခမဲ့ SIM ကတ်များ ထုတ်ပေးရန် ကမ်းလှမ်းခဲ့သည်ဟု ဆိုသည်။
အဆိုပါ အခမဲ့ SIM ကတ်များ ပေးအပ်နိုင်ရန်အတွက် ၎င်းတို့သည် အသက် (၈) နှစ်မှ (၁၀) နှစ်ကြားရှိ ထိုင်းမှတ်ပုံတင်ကိုင်ဆောင်ထားသူ ကျောင်းသူ၊ ကျောင်းသားများ၏ ကိုယ်ရေး အချက်အလက်များကို ရယူခဲ့ပြီး မျက်နှာကို အကြိမ်ကြိမ် စကင်ဖတ် (Scan) ယူခဲ့ကြကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။
ထိုသို့ရရှိလာသော ကျောင်းသားကလေးငယ်များ၏ ကိုယ်ရေးအချက်အလက်များနှင့် မျက်နှာသွင်ပြင် စကင်ဖတ်ချက်များကို အသုံးပြုပြီး အဆိုပါ ဂိုဏ်းသည် လက်ကိုင်ဖုန်း SIM ကတ်များကို အမည်ပေါက် မှတ်ပုံတင်ကာ ဆင်းကတ်များကို ဝယ်ယူကြသည်။
အဆိုပါ SIM ကတ်များကို ဝယ်ယူပြီး မြန်မာနိုင်ငံအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်း (Scam Gangs) များထံ ပြန်လည်ရောင်းချကြသည်ဟု ဆိုသည်။
အထူးသဖြင့် မှတ်ပုံတင်ထားသော SIM ကတ်များကို ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့နယ်နှင့် မျက်နှာချင်း ဆိုင်ရှိ မြန်မာနိုင်ငံ၊ တာချီလိတ်ဘက်တွင် အခြေစိုက်နေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းများထံ ပြန်လည်ရောင်းချခဲ့ကြသည်ဟု ထိုင်းရဲတပ်ဖွဲ့က ယူဆထားသည်။
ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များအရ အဆိုပါ အချက်အလက် လိမ်လည်ရယူခံခဲ့ရသည့် ကျောင်းနှစ်ကျောင်းပေါင်းမှ ကျောင်းသားပေါင်း (၂၀၀) ကျော်ခန့် ကိုယ်ရေးအချက်အလက်များ ပေးအပ်ခဲ့မိပြီး ကျောင်းသားမိဘများနှင့် ကျောင်းဆရာ၊ ဆရာမများလည်း စိုးရိမ်မှုရှိနေကြသည်ဟု ဆိုသည်။
လက်ရှိ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းဖမ်းဆီးရမိသည့် ငွေလိမ်ဂိုဏ်းအဖွဲ့ဝင် ၃ ဦးမှာ အသက် ၃၆ နှစ်အရွယ် ဂျီရာပွန်း ဂျိုင်နန် (Jiraporn Jainan)၊ အသက် ၂၉ နှစ်အရွယ် ဘင်ဂျာမတ် ဆီရီဆင်း (Benjamas Sirising) နှင့် အသက် ၃၆ နှစ်အရွယ် ပရာတရာ ဆန်းသီရိဂျန် (Pratya Saengsrijan) ဆိုသူများ ဖြစ်ကြသည်။
၎င်းတို့ကို ချင်းမိုင်နှင့် ချင်းရိုင်ခရိုင်ရှိ ၎င်းတို့ ငှားရမ်းနေထိုင်နေသည့် နေအိမ်များတွင် SIM ကတ် ရာပေါင်းများစွာဖြင့် လက်ဝယ်ဖမ်းဆီးရမိခဲ့သလို အဆိုပါ အမှုနှင့် ပတ်သက်ဆက်နွယ်သည့် နောက်ထပ် သက်သေခံအထောက်အထားများကိုလည်း သိမ်းဆည်းရမိထားသည်ဟု ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။
အဆိုပါ ဂိုဏ်းများသည် အချို့သောအခြေအနေများတွင် ပြည်နယ်လျှပ်စစ်ဌာနမှ တာဝန်ရှိသူများ အဖြစ် ဟန်ဆောင်ကာ နေအိမ်များသို့ သွားရောက်ပြီး မီတာခေါင်းလဲလှယ်ခအမည်တပ်၍ “ဝန်ဆောင်ခ” များအား လိမ်လည်တောင်းခံမှုများလည်း ရှိနေကြောင်း သိရသည်။
ထို့အပြင် ယခုဂိုဏ်းသည် အခြားသော ကျောင်းများတွင်လည်း အလားတူ လိမ်လည်မှုများ ကျူးလွန်ခဲ့ဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က သုံးသပ်ထားသည်ဟု ဘန်ကောက်ပို့စ်က ရေးသားဖော်ပြထားသည်။



















