Home သတင်း ဇန်နဝါရီ တစ်လတာအတွင်း တက်ကြွလှုပ်ရှားသူ ၁၃ဦး ဖမ်းဆီးခံခဲ့ရပြီး ၈၇ ဦးသေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်

ဇန်နဝါရီ တစ်လတာအတွင်း တက်ကြွလှုပ်ရှားသူ ၁၃ဦး ဖမ်းဆီးခံခဲ့ရပြီး ၈၇ ဦးသေဆုံးခဲ့ကြောင်း AAPP ထုတ်ပြန်

610
Photo: Fortify Right

ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အာဏာသိမ်းမှုနှင့်ဆက်စပ်၍ ပြီးခဲ့သည့် ဇန်နဝါရီလ တစ်လတာအတွင်း နိုင်ငံရေးလှုပ်ရှားသူ(၁၃)ဦး စစ်အုပ်စု၏ဖမ်းဆီးခံခဲ့ရပြီး ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ၊ ပြည်သူ(၈၇)ဦးသေဆုံးခဲ့ကြောင်း နိုင်ငံရေး အကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း-AAPP က ယနေ့(ဖေဖော်ဝါရီလ ၃ ရက်)တွင် ထုတ်ပြန်သည်။

တစ်နိုင်ငံလုံးအားဖြင့် နိုင်ငံရေးအရဖမ်းဆီးချုပ်နှောင်ခံခဲ့ရသူ (၁၃) ဦးရှိပြီး စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်မှု၊ ပစ်ခတ်မှုနှင့် အကြောင်း အရင်းစုံစမ်းဆဲသတ်ဖြတ်မှုတို့ကြောင့် သေဆုံးသူ(၈၇)ဦးရှိသည်။ ထိုအထဲတွင်(၂)ဦးမှာ စစ်အုပ်စု၏ဖမ်းဆီးခံရပြီးမှ သေဆုံးသွားသူများဖြစ်သည်ဟု AAPP ကဖော်ပြသည်။

“တရားမဝင်တဲ့ရွေးကောက်ပွဲကာလမှာ စစ်တပ်ဟာ အကြောင်းမဲ့လေကြောင်းဗုံးကြဲမှုတွေ၊ ရပ်ရွာနေအိမ်တွေကို မီးရှို့၊ သတ်ဖြတ်၊ လုယက်မှု၊ မုဒိန်းမှုတွေ နေ့စဉ်ရက်ဆက်ဆိုသလို ကျူးလွန်နေတယ်၊ ဒီကျူးလွန်မှုတွေကို ကမ္ဘာ့အသိုင်းအဝိုင်းက ဆက်ပြီးလက်ပိုက်ကြည့်နေဦးမယ်ဆိုရင် ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ အဆုံးစွန်ထိဆက်ပြီးကျူးလွန်နေမှာဖြစ်တယ်။ ဒါကို အမြန်ဆုံးဝိုင်းဝန်းအရေးယူဖို့ မဖြစ်မနေ လိုအပ်လာနေပါပြီ။” ဟု AAPP ၏အတွင်းရေးမှူး ဦးတိတ်နိုင်က ထုတ်ပြန်ချက်တွင်ပြောသည်။

ထို့အပြင် အကျဥ်းထောင်များတွင် နိုင်ငံရေးအကျဥ်းသားများ ခွဲခြား၊ ညှဉ်းပန်းနှိပ်စက်ခံရခြင်း၊ ထောင်ဝင်စာပစ္စည်းကန့်သတ်ခံရခြင်း၊ ငွေကြေးခြိမ်းခြောက်တောင်းခြင်းနှင့် ကျန်းမာရေး ကုသမှုလုံလောက်စွာမပေးခြင်း စသည်တို့ကို စစ်အုပ်စုအသိုင်းအဝိုင်းကကျူးလွန်နေကြောင်းလည်း AAPP က ထည့်သွင်းဖော်ပြထားသည်။

မှတ်တမ်းအရ အာဏာသိမ်း(၅)နှစ်အတွင်း စစ်အုပ်စုကြောင့် သေဆုံးခဲ့ရသည့် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူနှင့်ပြည်သူစုစုပေါင်း (၈,၀၀၀)ထောင်နီးပါးရှိနေပြီး ဖမ်းဆီးခံရသူ (၃၀,၀၀၀)သောင်းကျော်အနက် (၂၂,၀၀၀)ကျော် လက်ရှိအချိန်ထိ ထိန်းသိမ်းခံနေရဆဲဖြစ်သည်။

အလားတူ နိုင်ငံရေးအကျဥ်းသားများအပေါ် ထောင်တွင်းဖိနှိပ်ဆက်ဆံမှုများ တစ်နေ့တစ်နေ့ပိုမိုဆိုးရွားလာသလို အကာအကွယ်ပေးမှုနှင့်အခွင့်အရေးအပြည့်အဝမရှိသဖြင့် ကျန်းမာရေးဆိုင်ရာထိခိုက်မှုတွေပိုဖြစ်နေသည်ဟု AAPP အပါအဝင် နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသားများအခွင့်အရေး လှုပ်ရှားသူများက ဆိုသည်။