Home သတင်း အဆိပ်ပါဝင်မှုစံနှုန်းမြင့်၍ သံလွင်မြစ်ရေနှင့် မိုလိုချောင်းရေကို တိုက်ရိုက်သောက်သုံးခြင်းမပြုရန် IEC ထုတ်ပြန်

အဆိပ်ပါဝင်မှုစံနှုန်းမြင့်၍ သံလွင်မြစ်ရေနှင့် မိုလိုချောင်းရေကို တိုက်ရိုက်သောက်သုံးခြင်းမပြုရန် IEC ထုတ်ပြန်

534

ဖေဖော်ဝါရီ ၂၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

သုတေသနပြုလုပ်ထားသည့် အဖြေအရ သံလွင်မြစ်ရေနှင့် မိုလိုချောင်းရေများသည် ကျန်းမာရေး ထိခိုက်စေသည့် အာဆင်းနစ် (Arsenic) အဆိပ်ဓာတ် နိုင်ငံတကာစံနှုန်းထက် ကျော်လွန်သည့်အတွက် တိုက်ရိုက်သောက်သုံးခြင်းမပြုရန် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ပြည်သူများအား အသိပေးထုတ်ပြန်သည်။

ကရင်နီ၊ ရှမ်းနှင့် ကော်သူးလေဒေသတစ်လျှောက် သံလွင်မြစ်အတွင်း ဖြတ်သန်းစီးဆင်းနေသည့် နေရာ (၁၀) ခုအပါအဝင် မိုလိုချောင်းတစ်နေရာကို ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် ချင်းမိုင် တက္ကသိုလ် (သဘာဝပတ်ဝန်းကျင်သုတေသနဌာန) တို့ ပူးပေါင်း၍ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်မှ ၂၄ ရက်နေ့အထိ ရေနမူနာများကို သုတေသနပြုလုပ်ခဲ့သည်။ ထိုသုတေသနပြုလုပ်မှုမှ ဓာတ်ခွဲစစ်ဆေးချက်အရ ကျန်းမာရေးထိခိုက်စေသည့် အဆိပ်သင့်မှုပမာဏ (၄) ဆမှ (၅၅၃) ဆအထိ မြင့်မားနေသည်ကို တွေ့ရှိရသည်ဟု IECက ထုတ်ပြန်သည်။

ထို့ကြောင့် ရေများကို တိုက်ရိုက်သောက်သုံးခြင်း၊ ချက်ပြုတ်ခြင်းများ မပြုလုပ်ရန်နှင့် ချောင်းနေ၊ မြစ်နေ သတ္တဝါများ၏ ဦးခေါင်းနှင့် ကလီစာများကို စားသုံးခြင်းမပြုကြရန်လည်း IEC က အသိပေးနှိုးဆော်ထားသည်။

အဆိုပါ အဆိပ်ရှိသည့်ရေများကို ရေရှည်သောက်သုံးပါက အသည်းကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးအိမ် ကင်ဆာ၊ အရေပြားကင်ဆာများအပြင် နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာများနှင့် အာရုံကြောဖွံ့ဖြိုးမှုဆိုင်ရာရောဂါများအပြင် ကလေးသူငယ်များ၏ မှတ်ဉာဏ်ထိခိုက်မှုကိုလည်း ဖြစ်ပွားစေနိုင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

IEC အနေဖြင့်လည်း အများပြည်သူ ကျန်းမာသန်စွမ်းသည့် လူမှုဘဝခံစားရရှိရန်အတွက် ကရင်နီ ပြည်နယ်အတွင်းရှိ ကျန်းမာရေးအင်အားစုများ၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာဌာနဆိုင်ရာများနှင့် ပညာရှင်များနှင့်ပူးပေါင်းကာ ဒေသတွင်းရှိ စိုက်ပျိုးသီးနှံ၊ ရေနေသတ္တဝါများနှင့် မြေဆီလွှာများကို ဓာတ်ခွဲစမ်းသပ်ထိန်းချုပ်သည့် လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ရှိကြောင်းလည်း ဆိုသည်။

သံလွင်မြစ်အတွင်း ရေထုညစ်ညမ်းရခြင်းမှာ မြစ်အထက်ပိုင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများမှ ဓာတုပစ္စည်းစွန့်ပစ်မှု၊ မြေရှားသတ္တုနှင့် ရွှေတူးဖော်ရေးလုပ်ငန်းများနှင့် ဆက်စပ်မှုရှိနိုင်ကြောင်း IEC အတွင်းရေးမှူး (၂) ဗညားခွန်အောင်က ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ပြုလုပ်သည့် သံလွင်မြစ်ရေ အရည်အသွေးသုတေသန ရလဒ်များနှင့်ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အာဆင်းနစ်အဆိပ်ရှိသည့် သံလွင်မြစ်ရေကို သောက်သုံးခြင်းမပြုရန်နှင့် မြစ်အတွင်းရှိ ငါးများကို စားသုံးခြင်းမပြုရန် ထိုင်းအစိုးရအာဏာပိုင်များက ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတွင် ဒေသတွင်း ပြည်သူလူထုအား အသိပေးထားပြီးဖြစ်သည်။