ဖေဖော်ဝါရီ ၂၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြိတ်ထားဝယ်ခရိုင်၊ တပ်မဟာ (၄)၊ ကစယ်ဒိုမြို့နယ်၊ စုံစင်ဖျားကျေးရွာသို့ စစ်အုပ်စု၏ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး သေဆုံးပြီး နေအိမ် ၄ လုံး ထိခိုက်ပျက် စီးခဲ့ကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံးက ယနေ့ သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်၊ ညနေ ၂ နာရီ ၃၃ မိနစ်အချိန်ခန့်တွင် စစ်အုပ်စုက စုံစင်ဖျား ကျေးရွာအတွင်းသို့ ဂျက်ဖိုက်တာ (Jet Fighter) ဖြင့် ပေါင် ၅၀၀ ဗုံးတစ်လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ရွာသူအမျိုးသမီး ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၄ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၆ ရက်နေ့တွင်လည်း ကစယ်ဒိုမြို့နယ်၊ ဖောင်းတောအရှေ့ကမ်း ဘောကွင်းအနီးသို့ စစ်အုပ်စုတပ်မှ ဂျက်ဖိုက်တာ (Jet Fighter) ဖြင့် ဗုံး ၂ လုံးကြဲ တိုက်ခိုက်မှု ကြောင့် အရပ်သားပြည်သူပိုင်နေအိမ် ၁ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူက ပြောသည်။
စစ်အုပ်စုက ၎င်းတို့အုပ်ချုပ်နယ်မြေများတွင် အတုယောင်ရွေးကောက်ပွဲကို အတင်း အဓမ္မပြုလုပ်ရန် အထူးကြိုးပမ်းလျက်ရှိပြီး ၎င်းတို့ လက်လွတ်ဆုံးရှုံးခဲ့ရသော နယ်မြေများဖြစ် သည့် ကေအဲန်ယူ မြိတ်ထားဝယ်ခရိုင် အုပ်ချုပ်ရာဒေသများအတွင်းရှိ ပြည်သူလူထုများအား အကြောက်တရား ဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်ဟု ကေအဲန်ယူက ပြောသည်။



















