ဖေဖော်ဝါရီ၊ (၁၂) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် စားနပ်ရိက္ခာအကူအညီလျော့နည်းလာသောကြောင့် ယခု ဖေဖော်ဝါရီလမှစတင်၍ သာမာန်ဝင်ငွေအနည်းငယ်ရှိသည့် Standard Household (STD) အုပ်စုပါဝင်သူများကို ရိက္ခာစတင်ဖြတ်နေပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူများထံမှသိရသည်။
ဒုက္ခသည်များကို စားနပ်ရိက္ခာပံ့ပိုးပေးရန် ရံပုံငွေလုံလောက်စွာမရရှိတော့သဖြင့် ၂၀၂၆ ခုနှစ်တွင် ရိက္ခာထပ်မံလျှော့ချမည်ဟု TBC(The Border Consortium) က ထုတ်ပြန်ကြေငြာပြီးနောက် ယခုဖေဖော်ဝါရီလမှစ၍ အဆင့်သတ်မှတ်အုပ်စု Standard Household (STD)ထဲပါဝင်သူအားလုံးကို ရိက္ခာစတင်ဖြတ်တောက်လိုက်ခြင်းဖြစ်သည်ဟု မယ်လဒုက္ခသည်စခန်းတာဝန်ရှိသူက ဆိုသည်။
“ဖြတ်မယ်ဆိုပြီး TBCက ထုတ်ပြန်အသိပေးထားတာ နှစ်လ၊ သုံးလလောက်ရှိပြီ။ STDမှာပါဝင်တဲ့လူအားလုံးမရတော့ပါဘူး။ ဒါပေမယ့် Vနဲ့ MVအုပ်စုကိုတော့ ဆက်ပေးအုန်းမယ်” ဟု စောဆန်းဒေးက ပြောသည်။
ဒုက္ခသည်စခန်းအတွင်း ရိက္ခာပေးသည့်အချိန်တွင် Standard(သာမာန်ဝင်ငွေရှိသည့်အုပ်စု) ၊ Vulnerable (ဝင်ငွေအနည်းငယ်သာရှိပြီး ထောက်ပံ့မှုလိုအပ်သည့်အုပ်စု)နှင့် Most Vulnerable (မသန်စွမ်းသူအပါအဝင် ထောက်ပံ့မှုအထူးလိုအပ်သည့်အုပ်စု)ဟူ၍ အုပ်စုခွဲကာ ရိက္ခာပေးခြင်းဖြစ်သည်။
STD အုပ်စုရှိသူများကို ပြီးခဲ့သည့် ၂၀၂၅ခုနှစ်မှစတင်ကာ ရိက္ခာလျှော့ချလိုက်ပြီးနောက် ယခု ၂၀၂၆ ခုနှစ်တွင်လည်း ရိက္ခာလုံးဝမပေးတော့သောကြောင့် ထိုအုပ်စုထဲပါဝင်ပြီး ဆက်လက်ရပ်တည်ရန်အခက်အခဲရှိနေသူများအနေဖြင့် ရိက္ခာပြန်လည်ရရှိရန် နာမည်စာရင်း တင်ပြနိုင်ကြောင်းလည်း မယ်လဒုက္ခသည်စခန်းတာဝန်ခံထံမှ သိရသည်။

စောဆန်းဒေးက “ရပ်တည်ဖို့ အရမ်းအခက်အခဲရှိတဲ့သူတွေ နာမည်စာရင်းပြန်တင်လို့ရတယ်။ တာဝန်ရှိသူတွေကသွားရောက်စိစစ်ပြီး ထောက်ပံ့ဖို့သတ်မှတ်ထားချက်ထဲမှာ ဘောင်ဝင်ရင်တော့ ဆက်ထောက်ပံ့မယ်”ဟု ဖြည့်စွက်ပြောသည်။
နိုင်ငံတကာ၏ လူသားချင်းစာနာထောက်ထားမှုအကူအညီ လျှော့ချခံရသည့်နောက်ပိုင်း ၂၀၂၅ခုနှစ်က စတင်၍ ထိုင်းအစိုးရမှ ဒုက္ခသည်များအတွက် အပြင်ထွက်အလုပ်လုပ်သည့်အခွင့်အရေးပေးလာသည်။ ထိုအခွင့်အရေးရရှိသူများသည် ၂၀၁၉ ခုနှစ်ကတည်းက ထိုင်းပြည်ထဲရေးဝန်ကြီးဌာန(MOI) အသိအမှတ်ပြုစာရင်းရှိထားသူများသာဖြစ်ပြီး စာရင်းမရှိသည့် ဒုက္ခသည်များအနေဖြင့် အပြင်ထွက် အလုပ်လုပ်ခွင့်မရရှိကြောင်းသိရသည်။
ထို့ကြောင့် ရိက္ခာဖြတ်တောက်ခံရသည့်အချိန်တွင် စားဝတ်နေရေးဖြေရှင်းရန် ဒုက္ခသည်အချို့မှာ စခန်းပြင်ပရှိ နီးစပ်ရာထိုင်းနိုင်ငံသားပိုင် ငရုတ်စိုက်ခင်း၊ ကြံစိုက်ခင်းနှင့် ပြောင်းစိုက်ခင်းများတွင် နားလည်မှုဖြင့်သာ သွားရောက်လုပ်ကိုင်နေရသည်ဟု ဆိုသည်။
နို့ဖိုးဒုက္ခသည်စခန်းရှိ အမျိုးသမီးတစ်ဦးက ”ရိက္ခာမရတော့ အပြင်ထွက်အလုပ်လုပ်ဖို့လည်း အခုချိန် စခန်းပြင်ပမှာ စိုက်ခင်းတွေရိတ်သိမ်းချိန်ဆိုတော့ အလုပ်မရှိဘူး။ တစ်ခြားနေရာမှာသွားလုပ်ဖို့လည်း ကလေးငယ်တွေရှိတော့ တော်တော်ခက်တယ်”ဟု ကေအိုင်စီကို ပြောသည်။
TBC အနေဖြင့်လည်း ဒုက္ခသည်များအတွက် ရံပုံငွေရရှိရန်၊ လူသားချင်းစာနာထောက်ထားမှုအကူအညီများရရှိရန် လုပ်ဆောင်ခဲ့သည်။ သို့ရာတွင် ရံပုံငွေမလုံလောက်တော့သည့်အတွက် ၂၀၂၆ ခုနှစ်ဆန်းမှစတင်၍ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် (၁၀၄,၀၀၀) ကျော်၏ ၈၀ ရာခိုင်နှုန်းကျော်သည် အကူအညီရရှိတော့မည်မဟုတ်ကြောင်း ဇန်နဝါရီလ (၁)ရက်နေ့က ထုတ်ပြန်ခဲ့သည်။



















