Home သတင်း တပ်မဟာ(၁)စစ်ရှောင် ၆,၀၀၀ ကျော် စားနပ်ရိက္ခာလိုအပ်

တပ်မဟာ(၁)စစ်ရှောင် ၆,၀၀၀ ကျော် စားနပ်ရိက္ခာလိုအပ်

729
Photo: KPSN

ဖေဖော်ဝါရီ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူခရိုင်၊ ကျိုက်ထို(ဘီးလင်း)မြို့နယ်တွင် စစ်အုပ်စုစစ်ကြောင်းအပြိုင်ထိုးမှုကြောင့် ဖေဖော်ဝါရီလဆန်းကတည်းက စစ်ရှောင်နေရသည့် ကျေးရွာ(၈)ရွာနေ ဒေသခံပြည်သူ(၆,၀၀၀)ကျော် စားနပ်ရိက္ခာအဓိကလိုအပ်နေကြောင်း ကေအဲန်ယူနှင့်စစ်ဘေးရှောင်ကူညီသူ သတင်းအရင်းအမြစ်မှ သိရသည်။

ဖေဖော်ဝါရီ(၅)ရက်နေ့မှစ၍ ကေအဲန်ယူ ကျိုက်ထိုမြို့နယ်အတွင်း စစ်အုပ်စုစစ်ကြောင်းထိုးမှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အလူးကြီး၊ ရှမ်းစု၊ ဖိုးဝသိမ်၊ ညောင်ထောက်၊ ကရဝေးဆိပ်၊ ချမ်းမြေ့စု၊ ပိတောက်တောနှင့် ဇီးကုန်းရွာတို့မှ အိမ်ထောင်စု(၁,၄၂၈)၊ စုစုပေါင်းပြည်သူ (၆,၀၃၆)ဦး စစ်ဘေးရှောင်နေရသည်ဟု ကေအဲန်ယူ-ဒူးသထူခရိုင်ဘက်က ဆိုသည်။

မြို့နယ်အတွင်း စစ်ဘေးရှောင်အကူအညီပေးနေသူများ ပြောပြချက်အရ အချို့ရွာများတွင် စစ်အုပ်စုတပ်စွဲထားပြီး လုံခြုံရေးစိတ်မချရသဖြင့် နေရပ်မပြန်နိုင်ကြသေးသူ စစ်ရှောင်များအတွက် အဓိကစားနပ်ရိက္ခာလိုအပ်နေသည်ဟု သိရသည်။ ထို့အပြင် နေရာထိုင်ခင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း လိုအပ်ချက်ရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၉)ရက်နေ့၊ မနက်ပိုင်းကလည်း သိမ်ဇရပ်နှင့်မုက္ခမော့ရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိခဲ့သည်။ ထိုတိုက်ပွဲအတွင်း ဒေသခံအမျိုးသား(၃)ဦးနှင့်အမျိုးသမီး(၁)ဦးသေဆုံး၍ (၃)ဦးမစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ဘေးရှောင်များနှင့်အနီးကပ်ရှိနေသူ ဒေသခံအမျိုးသမီးကပြောသည်။

“ကျိုက်ထိုဘက်ရော ဘီးလင်းဘက်ရော စစ်ကြောင်းအပြိုင်ထိုးနေတာ။ သိမ်ဇရပ်နဲ့မုက္ခမော့မှာတိုက်ပွဲဖြစ်တော့ ပြေးလာတဲ့သူအများကြီးပဲ အခုကျမနေတဲ့နေရာနားတင်ရောက်နေတယ်။” ဟု ကျိုက်ထိုမြို့နယ်နေ အမည်မဖော်လိုသူ ဒေသခံကပြောသည်။

စစ်အုပ်စုက အရပ်သားများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုကျူးလွန်ခြင်းကြောင့် နေရပ်တိမ်းရှောင်နေရသည့် တပ်မဟာ(၁)စစ်ရှောင်များအတွက် အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေကြောင်း အမျိုးသမီးအရေး၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် ကရင်အရပ်ဖက်အဖွဲ့များကလည်း ၎င်းတို့အွန်လိုင်းစာမျက်နှာများမှတဆင့် ထုတ်ပြန်ထားကြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းက စစ်အုပ်စု၏ကျိုက်ထိုမြို့အခြေစိုက် တပ်မ- ၄၄ ခြေမြန်တပ်ဌာနချုပ်လက်အောက်ရှိ ခမရ- ၂ နှင့် ခြေလျှင်တပ်ရင်း ခလရ-၈ ပူးပေါင်းထားတော့ အင်အား ၂၀၀ နီးပါးသည် အလူးကျေးရွာအုပ်စုအတွင်း ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ(၇)ရက်နေ့တွင် တိုက်ပွဲဖြစ်ပြီးနောက် ၎င်းတို့က ရွာရှိလူနေအိမ်အချို့ကိုမီးရှို့ခြင်း၊ ပစ္စည်းဥစ္စာများယူဆောင်ခြင်း တို့ ပြုလုပ်ခဲ့ကြကြောင်းလည်း ကေအဲန်ယူနှင့်ဒေသခံများက ပြောဆိုထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့်မဟာမိတ်တပ်များ ပူးပေါင်းစစ်ရေးလှုပ်ရှားသည့် တပ်မဟာ(၁)နယ်မြေ၊ ဒူးသထူခရိုင်တွင် ၂၀၂၅ ဒီဇင်ဘာလကုန်အထိ နေရပ်စွန့်ခွာရှောင်တိမ်းနေရသူ (၁၅၀,၀၀၀)နီးပါးရှိနေ\သည်။