Home သတင်း ဝေါလေတွင် လေကြောင်းတိုက်ခိုက်မှုပြင်းထန်၍ ဒေသခံများ ထိုင်းဘက်စစ်ရှောင်နေရ

ဝေါလေတွင် လေကြောင်းတိုက်ခိုက်မှုပြင်းထန်၍ ဒေသခံများ ထိုင်းဘက်စစ်ရှောင်နေရ

584
Photo: CJ

ဖေဖော်ဝါရီ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။‌ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်၊ ဝေါ လေမြိုင်မြို့နယ်ရှိ စစ်အုပ်စုဗျူဟာကုန်းနေရာတဝိုက်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ(၈)ရက်နှင့် (၉)ရက်နေ့က Y12နှင့် ဂျက်တိုက်လေယာဉ်များအသုံးပြုပြီး စစ်အုပ်စုက အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံများ ထိုင်းနိုင်ငံဘက်စစ်ရှောင်နေရကြောင်း နယ်စပ်သတင်းအရင်းအမြစ်မှ သိရသည်။

ဝေါလေဗျူဟာကုန်းနေရာ၌ ဇန်နဝါရီ(၃၁)ရက်နေ့ကစ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်အုပ်စုက ဒရုန်းနှင့်လက်နက်ကြီးပစ်ခတ်မှုအပြင် ထိုရက်တွင် လေကြောင်းဖြင့်ဖျက်အားပြင်း ပေါင်(၅၀၀)အပါအဝင် ဗုံးများကြဲချခဲ့သည်ဟု ထိုင်းနိုင်ငံဘက်ခြမ်း၊ စစ်ဘေးရှောင်နေရာသို့ရောက်ရှိနေသူ ဝေါလေဒေသခံအမျိုးသမီးကပြောသည်။

“လေယာဉ်ပစ်ချတာအလုံးနည်းတာမဟုတ်ဘူး။ တစ်ခါကျသုံးလုံးနဲ့ ၁၀ ခေါက်လောက်ရှိမယ် ပတ်ပျံပြီးကြဲနေတာ။ တိုက်လေယာဉ်နဲ့က ပေါင် ၅၀၀ ဗုံးကြီးတွေကြဲတာ ရှမ်းဘက်ကမ်းပါမြေတုန်တယ်။ ကျမတို့ရပ်ကွက်ကလူတွေက ရှမ်းကုန်းဘက်မှာလာရှောင်တယ်။ တံတားထိပ်ကမ်းနားမှာလည်း လူမနေရဲတော့ရှောင်လာကြပြီ။” ဟု ‌‌‌‌‌‌‌စစ်ရှောင်အမျိုးသမီးက ပြောသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဝေါလေဒေသရှိ ရွာတော်ရှင်နတ်စင်၊ ရွာဦးဘုန်းကြီးကျောင်းနေရာများတွင် ဗုံးကျရောက်ပေါက်ကွဲမှုရှိခဲ့သည်ဟု ဒေသခံတချို့ပြောပြချက်အရသိရသော်လည်း ထိခိုက်ပျက်စီးမှုအခြေအနေကိုမူ ကေအိုင်စီအနေဖြင့်ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

Photo: CJ

ဝေါလေရှိ စစ်အုပ်စုစ်ဗျူဟာကုန်းနေရာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များက ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေသည်မှာ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကတည်းကစ၍ တစ်နှစ်ကျော်ကြာရှိလာပြီဖြစ်သည်။

တိုက်ပွဲများအတွင်း ဗျူဟာကုန်းမှစစ်အုပ်စုက လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ကျေးရွာများဘက်ကိုပစ်ခတ်မှုရှိသလို စစ်အုပ်စုအင်အား(၃၀၀)ဝန်းကျင်ခန့်တပ်စွဲထားသည့် ၎င်းတို့ဗျူဟာကုန်းစခန်းမကျရေး လက်ရှိအချိန်ထိ ခုခံတိုက်ခိုက်နေကြောင်းလည်း ဝေါလေနယ်မြေရှေ့တန်းရှိ ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။

လတ်တလော မြဝတီမြို့ဘက်မှစစ်အုပ်စုအကူတပ်၏ အင်အားရာချီပါသောစစ်ကြောင်းသည် မင်းလက်ပံနှင့်ဖလူးရွာဘက်မှ ဝေါလေမြို့ဘက်အထိထိုးစစ်ဆင်ရန် ဖြန့်ခွဲဝင်ရောက်နေပြီး KNLA မဟာမိတ်တပ်ဖွဲ့ကလည်း စစ်အုပ်စုကိုဖြတ်တောက်တိုက်ခိုက်လျက်ရှိသည်ဟု တော်လှန်ရေးအင်အားစုတို့ကဆိုသည်။

ထိုင်းနယ်စပ်၊ ဖုတ်ဖရမြို့နယ်အနီးရှိ ဝေါလေမြိုင်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇွန်-ဇူလိုင်ကလည်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဝေါလေဗျူဟာကုန်းမှစစ်အုပ်စုက မြို့ဘက်ကိုလက်နက်များပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းတို့လုပ်ဆောင်ခဲ့၍ ဒေသခံ(၃,၀၀၀)ကျော် ထိုင်းနိုင်ငံဘက်သို့စစ်ရှောင်ခဲ့ရသေးသည်။