Home သတင်း အကျဉ်းသူ၊ အကျဉ်းသား ၂၉ ဦးကို ခလယ်လွီထူခရိုင် လွတ်ငြိမ်းခွင့်ပေး

အကျဉ်းသူ၊ အကျဉ်းသား ၂၉ ဦးကို ခလယ်လွီထူခရိုင် လွတ်ငြိမ်းခွင့်ပေး

268
Photo: ကေအဲန်ယူ၊ ခလယ်လွီထူခရိုင်

ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကော်သူးလေ ရာဇဝတ်ကျင့်ထုံးဥပဒေအရ အကျဉ်းချခံရသူ အကျဉ်းသူ၊ အကျဉ်းသား ၂၉ ဦးကို ဥက္ကဋ္ဌ၏ အမိန့်ဖြင့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်သည်ဟု သိရသည်။

လူသတ်မှု၊ မုဒိမ်းမှုနှင့် မူးယစ်ဆေးဝါးအမှုတို့တွင် (ထောင်ဒဏ် ၇ နှစ်အထက်) ကျူးလွန်ထား သူများမှအပ ကျန်ပြစ်ဒဏ်ကျခံနေရသူများကို စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြည်ထဲရေးနှင့် သာသနာရေးဌာနမှ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ခြင်းဖြစ်သည်ဟု ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင် တာဝန်ရှိသူထံမှ သိရသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်အထဲတွင် အကျဉ်းသူ ၅ ဦးနှင့် အကျဉ်းသား ၂၄ ဦးတို့ ပါဝင်ပြီး ထောင်ဒဏ်ကျခံစဉ်ကာလအတွင်း အမှားများကို သင်ခန်းစာယူကာ ပြင်ပတွင် သမာအာဇီဝကျစွာ လုပ်ကိုင်စားသောက်ကြစေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ခရိုင်က ပြောသည်။

Photo: ကေအဲန်ယူ၊ ခလယ်လွီထူခရိုင်

၎င်းအပြင် ကျန်ရှိသည့် အကျဉ်းကျခံရသူအချို့ကိုလည်း ထောင်ဒဏ် (၁) နှစ်လျှင် (၃) လနှုန်းဖြင့် ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ပြီး ထိုသို့ လျှော့ချခံရသူများသည် လက်ရှိကျန်ရှိနေသော ထောင်ဒဏ်များကို ဆက်လက်ကျခံရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်။

ထိုသို့မဟုတ်ဘဲ စည်းကမ်းလိုက်နာ၍ နေထိုင်ပါက နောက်ထပ် လွတ်ငြိမ်းချမ်းသာခွင့်နှင့် အခါခွင့်သင့်လျှင် ထပ်မံရရှိနိုင်ဦးမည်ဖြစ်ကြောင်းလည်း ပြောဆိုထားသည်။

ယခုကဲ့သို့ အကျဉ်းသူ၊ အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရခြင်းမှာ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ကျရောက်သည့် ကရင်အမျိုးသားနေ့ အထိမ်းအမှတ်အနေဖြင့် ဖြစ်သည်။ ထို့အပြင် ကေအဲန်ယူ၊ ဒူးပလာယာခရိုင်တွင်လည်း အကျဉ်းသား (၁၀၄) ဦးကို အလားတူ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း သိရှိရသည်။