Home တွေ့ဆုံမေးမြန်းခန်း မူတြော်ခရိုင် ဥက္ကဋ္ဌ ပဒိုစောထဲဒယ်နှင့် တွေ့ဆုံမေးမြန်း

မူတြော်ခရိုင် ဥက္ကဋ္ဌ ပဒိုစောထဲဒယ်နှင့် တွေ့ဆုံမေးမြန်း

362

“မူတြော်ခရိုင်မှာ ကေအဲန်ယူ အုပ်ချုပ်ရေးယန္တရား ၉၀ ရာခိုင်နှုန်းအထိ တိုးလာတယ်” – ခရိုင်ဥက္ကဋ္ဌ ပဒိုစောထဲဒယ်

မူတြော်ခရိုင် ဥက္ကဋ္ဌ ပဒိုစောထဲဒယ်နှင့် တွေ့ဆုံမေးမြန်း

ဖေဖော်ဝါရီ ၂၇ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မူတြော်ခရိုင်တွင် စစ်အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးယန္တရား ကျယ်ပြန့်လာပြီး တစ်ဖက်တွင်လည်း နယ်မြေပြန်စိုးမိုးနိုင်ရန် စစ်အုပ်စုက နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသည်။ တော်လှန်ရေးကာလတွင် နယ်မြေအုပ်ချုပ်ရေးအပိုင်းနှင့် ပတ်သက်၍ မူတြော်ခရိုင် ဥက္ကဋ္ဌ ပဒိုစောထဲဒယ်နှင့် တွေ့ဆုံမေးမြန်းထားပါသည်။

မေး – စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မူတြော်ခရိုင်အတွင်း အုပ်ချုပ်ရေးဆိုင်ရာနဲ့ ပတ်သက်ပြီး ဘယ်လို လည်ပတ်နေပါသလဲ။
စစ်အာဏာမသိမ်းခင်ကတည်းက ကျနော်တို့ မူတြော်ခရိုင်ထဲမှာ မြို့နယ်အလိုက်၊ ကျေးရွာအုပ်စုအလိုက် အုပ်ချုပ်ရေးယန္တရားတွေ ချထားခဲ့ပြီးသားပါ။ အထူးသဖြင့် ကျနော်တို့ အုပ်ချုပ်ရေးပိုင်း မချနိုင်သေးတာက စစ်အုပ်စု တပ်စခန်းအနီးဝန်းကျင်၊ ပြီးတော့ ဖာပွန်၊ ကမမောင်း၊ ကတိုင်တိတို့ပဲ ရှိတယ်။ ကျန်တာတွေကတော့ ကျနော်တို့ အုပ်ချုပ်ရေးအတိုင်း သွားတယ်။ အုပ်ချုပ်ရေးမချနိုင်သေးတဲ့ ကမမောင်း၊ ကတိုင်တိမြို့လို နေရာတွေက မြို့ထဲမရလည်း မြို့ပြင်အနီးဝန်းကျင်တွေက ကျနော်တို့ အုပ်ချုပ်ရေးဘက် ရောက်တာတွေ ရှိတယ်။ တချို့က အုပ်စုမှူးဘက်က ခေါ်ရင် လိုအပ်ရင် ပူးပေါင်းဆောင်ရွက်ပေးတာတွေ ရှိပါတယ်။ နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကတော့ ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးစ အချိန်တုန်းက ဖာပွန်-ကမမောင်း လမ်းမှာရှိတဲ့ ရွာတွေမှာ စစ်အုပ်စုက အုပ်ချုပ်ရေးယန္တရား ချထားနိုင်တယ်။ အထူးသဖြင့် ကျန်းမာရေး၊ ပညာရေးအပိုင်း လုပ်နိုင်တယ်။ စစ်အာဏာသိမ်းပြီးနောက်မှာ ကျနော်တို့ ခရိုင်မှာက စစ်အုပ်စုလက်အောက်ခံ ဝန်ထမ်းမှန်သမျှ ခရိုင်အတွင်းက ထွက်ပေးဖို့ ကျနော်တို့ စာထုတ်ထားတော့ ပညာရေးအပိုင်းက ပညာရေးအောက် ပြန်ရောက်သွားတာတွေ ရှိလာတယ်။ ပြောရမယ်ဆိုရင် ရွာတွေမှာက စစ်အုပ်ချုပ်ရေး မလုပ်နိုင်ဘူးလို့ ပြောလို့ရတယ်။ သူတို့လုပ်နိုင်တာက သူတို့စစ်တပ်ဝင်း အနီးအနားနဲ့ ကမမောင်းမြို့ထဲလောက်ပဲ သူတို့ အုပ်ချုပ်ရေး ချနိုင်တယ်။ မူတြော်ခရိုင်မှာ အုပ်ချုပ်ရေးယန္တရားက ၉၀ ရာခိုင်နှုန်း ရှိလာတယ်လို့ ပြောလို့ရပါတယ်။

မေး – မူတြော်ခရိုင်အတွင်းမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေရဲ့ အခြေအနေတွေလည်း သိပါရစေ။
စစ်အာဏာသိမ်းပြီးနောက်မှာ တချို့နေရာတွေက စစ်အုပ်စု တပ်စခန်းတွေ တက်ရောက်သိမ်းပိုက်နိုင်တော့ စခန်းတွေ မရှိတော့ဘူး။ ဒါပေမဲ့ လူထုတွေ ထိတ်လန့်မှုရှိအောင် လေယာဉ်တွေ၊ လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ အမြဲခြိမ်းခြောက်မှု ရှိတယ်။ လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်တာက ကျနော်တို့ဘက်က တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာ၊ ဌာနဆိုင်ရာရုံး ရှိတဲ့နေရာတွေမှာ မဟုတ်ဘဲ လူထုနေတဲ့ ကျေးရွာတွေထဲ၊ စာသင်ကျောင်း၊ ဘုရားကျောင်း၊ ဆေးရုံဆေးခန်းတွေကို ပစ်မှတ်ထားပြီး လိုက်ပစ်တာ။ အဲဒါကြောင့် လူထုတွေက ရွာထဲမှာနေရင် သူတို့အတွက် မလုံခြုံမှုတွေ ဖြစ်လာတော့ ရွာပြင်ထွက်ပြီး လုံခြုံမှုရှိနိုင်တဲ့နေရာမှာ တိမ်းရှောင်နေရတယ်။

ပြောရမယ်ဆိုရင် ခရိုင်တစ်ခုလုံးမှာရှိတဲ့ စစ်ရှောင်နေရသူ အယောက်ပေါင်း ခုနစ်သောင်းကျော်၊ ရှစ်သောင်းကျော်က စိတ်မလုံခြုံမှု၊ စိုးရိမ်မှုတွေနဲ့ နေရတာဖြစ်တယ်။ သူတို့တွေက ရွာပြင်ထွက်ပြီး ရှောင်လိုက်၊ ရွာထဲကို ပြန်နေလိုက် အဲဒီလို လုပ်နေရတာ ရှိတယ်။ ပျမ်းမျှပြောရရင် ခရိုင်ထဲက လူထု သုံးပုံနှစ်ပုံက တိမ်းရှောင်နေရတယ်။ ဘူးသို-လူသောမြို့နယ်မှာရှိတဲ့ ဖာပွန်-ကမမောင်း လမ်းဘေးမှာရှိတဲ့ ရွာတွေလိုမျိုး စစ်တပ်က လက်နက်ကြီးတွေ အမြဲပစ်တော့ သူတို့က လုံးဝကို ပြန်လာနေလို့မရတဲ့ လူတွေဖြစ်တယ်။ စစ်ရှောင်တွေက တချို့က နီးစပ်ရာ သူတို့ရွာတွေမှာ သွားတိမ်းရှောင်တယ်။ တချို့က နယ်စပ်တွေဘက်မှာ သွားပြီး တိမ်းရှောင်သွားတာ ရှိတယ်။ စစ်တပ်က အခုနောက်ပိုင်း တစ်နေရာတည်းမှာ ပစ်မှတ်မထားဘူး။ ဒီတစ်ခါ ဒီနေရာကို ပစ်ရင် နောက်တစ်ခါဆိုရင် နောက်တစ်နေရာ ပြောင်းပြီး ပစ်မှတ်ထား လုပ်ဆောင်တယ်။

မေး – စစ်ရှောင်ပြည်သူတွေအတွက် ခရိုင်အနေနဲ့ စီမံဆောင်ရွက်ပေးတာနှင်ပတ်သက်ပြီး ပြောပြပေးပါအုံး။
စစ်ရှောင်တချို့က တောင်ယာတွေ လုပ်တာရှိတယ်။ သူတို့ စစ်ရှောင်ပေမဲ့လည်း ရိတ်သိမ်းရမယ့်အချိန်မှာ ပြန်လာလုပ်တာတွေတော့ ရှိတယ်။ သူတို့ စားသောက်ဖို့အတွက် သူတို့ကိုယ်တိုင် ပြန်လာလုပ်တာ ရှိတယ်။ တချို့က တိုက်ပွဲဖြစ်တဲ့နေရာနဲ့ နီးတယ်၊ စစ်အုပ်စု တပ်စခန်းတွေနဲ့ နီးတယ်။ လက်နက်ကြီးတွေလည်း ကျတဲ့နေရာမှာရှိတဲ့ လူထုတွေအနေနဲ့ စားသောက်ရိက္ခာအတွက် အခက်အခဲ ရင်ဆိုင်နေရတာ ရှိတယ်။

အဲဒီလို လိုအပ်တဲ့ လူထုတွေအတွက် ကျနော်တို့က ကူညီထောက်ပံ့ပေးနေတဲ့ CIDKP အဖွဲ့အစည်းတို့လို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင် ဖြေရှင်းပေးတယ်။ ပြီးတော့ ကျနော်တို့ အုပ်ချုပ်ရေးအောက်က သက်ဆိုင်ရာ ဌာနတွေနဲ့ရော၊ အမျိုးသမီးအဖွဲ့တွေနဲ့ရော ပူးပေါင်းလုပ်ဆောင်ပေးနေတာတွေ ရှိတယ်။ ဒါတွေတင်မကဘဲ နိုင်ငံတကာမှာ ရောက်ရှိနေတဲ့ ကျနော်တို့ ကရင်လူထုတွေက အချင်းချင်း ပြန်ထောက်ပံ့ ကူညီပို့ပေးတာ ရှိတယ်။ ခရိုင်ထဲမှာ ရောက်လာတဲ့ အကူအညီတွေဆိုရင် စီမံဆောင်ရွက်ရေး ကော်မတီနဲ့ ဖွဲ့ထားတာ ရှိတယ်။ ကော်မတီကနေတစ်ဆင့် ရလာတဲ့ အကူအညီ ထောက်ပံ့မှုတွေကို ဘယ်ဟာကို အဓိက ပံ့ပိုးပေးရမလဲ ပြန်စီမံခန့်ခွဲနေတယ်။ ပြီးတော့ အုပ်ချုပ်ရေးအပိုင်းကလည်း နေ့စဉ် လူထုအခြေအနေတွေကို တင်ပြရတာ ရှိတယ်။ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်တာရှိတယ်ဆိုတော့ အခက်အခဲရှိရင် အတူတကွ ဖြေရှင်းပေးတာ ရှိပါတယ်။

မေး – အုပ်ချုပ်ရေးအပိုင်းက အရင်ကထက်တော့ ကျယ်ပြန့်လာတယ်လို့ ပြောလို့ရတယ်ဆိုတော့ ဒီလို အုပ်ချုပ်ရေး ကျယ်ပြန့်လာတဲ့အပေါ်မှာ ဘယ်လို စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတာ ရှိလဲ။
အုပ်ချုပ်ရေး ကျယ်လာတဲ့အပေါ်မှာက အခက်အခဲတွေက အမြဲရှိလာတာပဲ။ အထူးသဖြင့် တတ်ကျွမ်းမှုအပိုင်း၊ တာဝန်ယူမှုအပိုင်းတွေက လိုအပ်သေးတယ်။ အဲဒါတွေက စိန်ခေါ်မှုတစ်ခု ဖြစ်တယ်။ အခုက တော်လှန်ရေးကာလထဲမှာ အုပ်ချုပ်ရေးအပိုင်းလည်း လုပ်ရတော့ လိုအပ်တဲ့ တတ်ကျွမ်းမှုတွေက အများကြီးတော့ ရှိနေပါသေးတယ်။ ကျနော်တို့ အုပ်ချုပ်ရေးယန္တရားက ၈၀၊ ၉၀ ရာခိုင်နှုန်း ရှိနေပြီဖြစ်ပေမဲ့လည်း စစ်အုပ်စုက ကျနော်တို့ကို အမြဲပဲ လေယာဉ်တွေနဲ့ တိုက်ခိုက်မှု လုပ်နေပါတယ်။ အဲဒါကြောင့် အုပ်ချုပ်ရေးလည်ပတ်မှု လုပ်ဆောင်တဲ့အခါမှာလည်း အဲဒါက အကြီးဆုံး စိန်ခေါ်မှုတစ်ရပ် ဖြစ်တယ်။

မေး – ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
စစ်အာဏာရှင်ကတော့ သူတို့ အုပ်ချုပ်ရေးနယ်ပယ် များလာဖို့ ကြိုးစားလုပ်ဆောင်တာ ရှိတယ်။ သူတို့ လုပ်ဆောင်နိုင်တဲ့ နည်းလမ်းမှန်သမျှ လုပ်နေတယ်။ ကျနော်တို့ကလည်း ဒါကို စည်းစည်းလုံးလုံးရှိဖို့က အရေးကြီးတယ်။ သူတို့က လာစည်းရုံးတာတွေ၊ သွေးခွဲတာတွေ၊ အချင်းချင်း ပဋိပက္ခဖြစ်အောင် လုပ်တာတွေ ရှိတယ်။ ဒါကို ကျနော်တို့ နားမယောင်ဖို့ လိုတယ်။ စဉ်းစားတွေးခေါ် ချင့်ချိန်ဖို့လည်း လိုတယ်။ စစ်အာဏာရှင် ကျဆုံးဖို့က ကျနော်တို့ ကရင်အချင်းချင်း စည်းလုံးမှုတွေ၊ ကူညီဖေးမမှုတွေ၊ နားလည်မှုတွေ လိုအပ်တယ်လို့ ပြောချင်ပါတယ်။