Home သတင်း ပိုင်ကျုံမြို့နယ်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွား၊ စစ်ဘေးရှောင်များအရေးပေါ် စားနပ်ရိက္ခာ အကူအညီလိုအပ်နေ

ပိုင်ကျုံမြို့နယ်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွား၊ စစ်ဘေးရှောင်များအရေးပေါ် စားနပ်ရိက္ခာ အကူအညီလိုအပ်နေ

368
Photo: CJ (ပုံဟောင်း)

ဖေဖော်ဝါရီ ၂၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၇) နယ်မြေ၊ ပိုင်ကျုံမြို့နယ်တွင် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် အာဏာသိမ်းစစ်တပ်အကြား ယနေ့အချိန်ထိ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်နှင့် နယ်မြေခံ KNLA တပ်ဖွဲ့တို့အကြား ယခုလ ဖေဖော်ဝါရီ ၂၃ ရက်နေ့တွင် နှစ်ဖက်ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် ပိုင်ကျုံမြို့နယ်ရှိ မော်ဖိုးကေဒေသဘက်ကို စစ်အုပ်စုဘက်က ဦးတည်ထိုးစစ်ဆင်ရန် ကြိုးပမ်း နေခြင်းဖြစ်ပြီး တောင်လုံးကျော် တောင်ခြေပတ်ဝန်းကျင်တွင် ယနေ့အချိန်ထိ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှု ဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသတွင်း အမည်မဖော်လိုသည့် ကေအဲန်ယူ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသူ လူဦးရေ ထောင်ဂဏန်းရှိပြီး လက်ရှိတွင် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေကြသည်ဟု အဆိုပါ တာဝန်ရှိသူက ယခုလို ပြောသည်။

“ဒီအတိုင်း ပြေးရှောင်နေကြရတော့ သူတို့အတွက် အခက်အခဲ ရှိလာတယ်။ တချို့ကျ ဆွေမျိုးရှိတဲ့နေရာတွေ ပြေးကြသလို တချို့ကျတော့လည်း နီးစပ်တဲ့တောတွေထဲကို လိုက်ပြေးကြရတော့ သူတို့အတွက် အစားအသောက် အခက်အခဲရှိလာတယ်။ ဒီပိုင်ကျုံအုပ်စု ထဲမှာပဲ လူဦးရေ သုံးထောင်လောက်တော့ ရှိမယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားရာ ပိုင်ကျုံမြို့နယ်ထဲရှိ ပိုင်ကျုံကျေးနယ်အုပ်စုဝင် ပိုင်ကျုံ၊ ပညာပေး၊ နို့ခလန့်၊ ပနွဲ့ကလား၊ ကွီးပည စသည့် ကျေးရွာ ၅ ရွာခန့်မှ ဒေသခံများသည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်ပြီး နေအိမ်များ ဖောက်ထွင်းခံရမှုများလည်းရှိကြောင်း ဒေသခံများက ပြောသည်။

“အများစုက ထွက်ပြေးတိမ်းရှောင်ကြတယ်။ ရွာထဲက အဓိက စားသောက်ကုန်ရတဲ့ ကုန်စုံဆိုင်တို့လို ပိုပြီး ဖောက်ထွင်းခံရတယ်။ အဓိက ဆိုင်ကြီးတွေမှာ ဝင်ယူနေကြတာလေ” ဟု ဒေသခံအမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ပိုင်ကျုံမြို့တွင် ပြီးခဲ့သည့် ဇန်နဝါရီလကတည်းက ရွေးကောက်ပွဲလုံခြုံရေးအကြောင်းပြပြီး အာဏာသိမ်း စစ်တပ် ဘက်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်နေရာယူထားသောကြောင့် နှစ်ဖက်စစ်ရေး တင်းမာထားသည့် အခြေအနေကနေ ယခုလို တိုက်ပွဲ စတင်ဖြစ်ပွားလာခြင်းဖြစ်သည်။

လက်ရှိ အာဏာသိမ်းစစ်တပ်အနေဖြင့် ပိုင်ကျုံမြို့ကို ခြေကုပ်ယူပြီး မြို့၏မြောက်ဘက် ဒေါနတောင်ခြေအောက်က ပညာပလီး၊ လော်ကော်၊ ဖားကပ်၊ ညာမရော၊ မိကျောင်း နှင့် တမိုလာခီး စသည့် ကျေးရွာများဘက်ကို ဦးတည်ကာ စစ်ကြောင်းထိုးရန် ရည်ရွယ်ထားခြင်းဖြစ်သည်ဟု နယ်မြေခံ ကေအဲန်ယူဘက်က ပြောသည်။

အဆိုပါ ကျေးရွာမှတစ်ဆင့် ပွိုင့် (၉၂၈) စခန်း၊ နော်တရာ (နောင်ခလာ) စခန်းအတိုင်း ထိုင်း-မြန်မာနယ်စပ်အနီးက တာလယ်ဗျူဟာဘက်ကို ဆင်းလာပြီး စစ်ကြောင်းထိုးရန်အတွက် ဖြစ်သည်ဟု ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အနေဖြင့် KNU တပ်မဟာ (၇) နယ်မြေ၊ ဒေါနတောင် အရှေ့ခြမ်းရှိ ခလယ်ဒေး၊ မယ်လ၊ မော်ဖိုးကေ၊ မော်ဖားသူး၊ ပူလူးတူ၊ တခေါ်ဘီခွီးနှင့် တာလယ်ဗျူဟာ အစရှိသည့် နယ်စပ်တပ်စခန်းများကို လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ထိုသို့ ဆုံးရှုံးသွားသော စခန်းများကို ပြန်လည်ရရှိရန်အတွက် ယခုကဲ့သို့ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာခြင်းဖြစ်သည်ဟု သိရသည်။