ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ အမှတ်(၈)ပြည်ထောင်စုလမ်းမကြီးနံဘေးမှာ တပ်စွဲထားသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များဖမ်းဆီးထားသော အရပ်သား(၆)ဦးကို ထားဝယ်အမျိုး သားလွတ်မြောက်ရေးတပ်တော်-DNLA လက်အောက်ခံမဟာမိတ်တပ်များက ကယ်ထုတ်နိုင်ခဲ့ကြောင်း ယမန်နေ့(ဖေဖော်ဝါရီ ၆ ရက်နေ့)ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ(၂၃)ရက်နေ့က ဇီးကျနှင့်ညှင်းထွေးရွာကြား ရိပ်သာနေရာ၌တပ်စွဲထားသော စစ်အုပ်စုအား DNLA မဟာမိတ်တပ်များက တစ်ရက်လုံးပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်အုပ်စုထံမှလွတ်မြောက်လာသူ အရပ်သား(၆)ဦးကို ပူးပေါင်းတပ်က ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု မဟာမိတ်တပ် ထားဝယ်(ပကဖ)-DRGF က ဖော်ပြသည်။
“တိုက်ပွဲဖြစ်တဲ့အချိန်မှာလွတ်လာတဲ့ ပြည်သူတချို့ကို ကျနော်တို့ကယ်ထုတ်ခဲ့တာပါ။ ကျန်တဲ့ပြည်သူတွေကိုတော့ လူသားဒိုင်းလုပ်ပြီး စကစတွေဖမ်းသွားတယ်ဗျ။ အဲဒီအနီးအနားကပြည်သူတွေပဲ။” ဟု DRGF မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
ထို့အပြင် စစ်အုပ်စုဖမ်းဆီးခဲ့သည့်အရပ်သားများအနက် အမျိုးသမီးတစ်ဦးအား ရိပ်သာကျောင်းဆောင်ပေါ်တွင် သေဆုံးလျက်တွေ့ရှိရသလို ကလေးငယ်တစ်ဦးကိုလည်း အများသုံးအိမ်သာနေရာ၌စွန့်ပစ်သွားပြီး အသက်မဲ့ခန္ဓာကိုယ်သာတွေ့ရကြောင်း DRGF က ဆိုသည်။
ထုတ်ပြန်ချက်အရ စစ်အုပ်စုဖမ်းဆီးထားသည့် ပြည်သူစုစုပေါင်း(၁၀)ဦးရှိပြီး ဖော်ပြပါ သေဆုံးသူ(၂)ဦးအပါအဝင် အချက်အလက်အသေးစိတ်စုံစမ်းဆဲ လွတ်မြောက်သူ(၆)ဦးဖြစ်သည်။ ကျန်(၂)ဦးကိုမူ ပူးပေါင်းတပ်၏တိုက်ခိုက်မှုကြောင့် ဒီဇင်ဘာ(၂၄)ရက်နေ့က တပ်ဆုတ်သွားသည့် စစ်အုပ်စုကဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က (၄)ဦးသေဆုံး၍ (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ဘုရားမဲစစ်ဆေးရေးဂိတ်နှင့် အမြှောက်တပ် အမတ-၃၀၄ ကျောက်ကညာတို့မှ စစ်အုပ်စုကလက်နက်ကြီးနှင့်ဒရုန်းပစ်ကူတိုက်ခိုက်ပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ရေဖြူမြို့နယ်၊ကျေးရွာများဘက် စစ်အုပ်စုစစ်ကြောင်းထိုးဝင်ရောက်မှုများ ဆက်တိုက်ရှိနေပြီး ယခု ဖေဖော်ဝါရီလ(၃)ရက်နေ့ကလည်း စစ်ကြောင်းထိုးစစ်တပ်နှင့်တော်လှန်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထို့နောက် စစ်အုပ်စုက ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းမှ ကျေးရွာနေအိမ်(၄၀)ထက်မနည်းကို မီးရှို့ဖျက်ဆီးသွားကြောင်းလည်း ထားဝယ်ဒေသသတင်းအရင်းအမြစ်မှ သိရသည်။



















