ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အာဏာသိမ်း စစ်အုပ်စုတပ်၏ စစ်ရေးအင်အားဖြည့် စစ်ကြောင်းများတွင် အဖွဲ့အစည်းအတွင်းရှိ တပ်ဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းပါဝင်ကူညီခြင်း ခွင့်မပြုထားကြောင်း အပစ်ရပ် ကရင်ငြိမ်း ချမ်းရေးကောင်စီ KNU/KNLA-PC ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေထဲတွင် စစ်အုပ်စုနှင့်အတူ စစ်ကူတက်လာသည့် စစ်ကြောင်းထဲတွင် KNU/KNLA-PC တပ်ဖွဲ့ဝင်များ ပါဝင်နေဟု သတင်းထွက်မှုအပေါ် အဖွဲ့၏ ပြောခွင့်ရ ဗိုလ်မှူးချုပ် စောကျော်ညွန့်က ယခုလို ပြန်လည်ငြင်းဆိုလိုက်ခြင်းဖြစ်သည်။
ကရင်လက်နက်ကိုင်အချင်းချင်းကြား အထင်မြင်လွဲမှားမှုမျိုး မရှိစေရေးအတွက် စစ်ရေးစစ်ရာနှင့် ပတ်သက်၍ အာဏာသိမ်းစစ်တပ်၏ နယ်မြေထဲ ထိုးစစ်ဆင် အင်အားဖြည့်စစ်ကြောင်းများတွင် ပူးပေါင်းပါဝင်မှုမျိုး ခွင့်မပြုထားသလို ပါဝင်ခြင်းရှိပါကလည်း အရေးယူဆောင်ရွက်မှုများ လုပ်ဆောင် မည်ဟု ဗိုလ်မှူးချုပ် စောကျော်ညွန့်က ပြောသည်။
“စစ်အာဏာရှင်ကို ပံ့ပိုးမယ့်ကိစ္စနဲ့ ပတ်သက်ပြီး ကျနော်တို့ အဖွဲ့အစည်းထဲမှာ စဉ်းစားထားတာမရှိဘူး။ ညွှန်ကြားချက်တွေလည်း မရှိခဲ့ဘူး” ဟု ဗိုလ်မှူးချုပ် စောကျော်ညွန့်က ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယခင်က ကော့ကရိတ်တိုက်ပွဲဖြစ်စဉ်တုန်းကလည်း စစ်အုပ်စုစစ်ကြောင်းအတွက် ပါဝင်ခဲ့ဖူးသော အောက်ခြေ KNU/KNLA-PC တပ်ဖွဲ့အချို့ကိုလည်း တပ်၏ စည်းမျဉ်းစည်းကမ်း ဥပဒေအရ ထိရောက်သည့် အရေးယူဆောင်ရွက်မှုများလုပ်ဆောင်ခဲ့သည့် သာဓကရှိခဲ့သည်ဟု စောကျော်ညွန့်က ဖြည့်စွက်ပြောသည်။
သို့သော် အချို့နေရာတွင် ၎င်းတို့၏ KNU/KNLA-PC လက်မောင်းတံဆိပ်များကို တပ်ကာ လူထုအမြင်မှားစေရန်နှင့် ကရင်လက်နက်ကိုင်အစုအဖွဲ့ အချင်းချင်းကြား အထင်မြင်လွဲမှားမှုများ ဖြစ်စေရန် လုပ်ဆောင်နေမှုများ ရှိခဲ့သည်ဟုလည်း စောကျော်ညွန့်က ပြောသည်။
KNU/KNLA-PC (ငြိမ်းချမ်းရေးကောင်စီ) အဖွဲ့သည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နည်းလမ်းကိုသာ ကြိုးပမ်းသွားမည်ဟုလည်း ယခုဖေဖော်ဝါရီလထဲတွင် ကျင်းပပြုလုပ်သည့် အဖွဲ့အစည်း၏ မျက်နှာစုံညီအစည်းအဝေးတွင် ၎င်းတို့၏ ရပ်တည်ချက်နှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့သေးသည်။



















