“ကေအဲန်ယူက Document ကို develop လုပ်တယ်။ အဲဒါကိုအခြေခံပြီးတော့ ပါဝင်ရမယ့်အစုအဖွဲ့ ကိုယ်စားလှယ်ကနေ Zero Draft ကို စဆွဲနေပြီ။ သူ့ရဲ့ Process တစ်ဆင့်ရသွားပြီဆိုရင် နောက်ဆုံးအတည်ပြုတဲ့အဆင့်ကိုရောက်သွားမယ်။” ပဒို စောအယ်ကလူစေး၊ KNU ဗဟို အလုပ်အမှုဆောင်ကော်မတီ
ကော်သူးလေချာတာရေးဆွဲမှုနှင့်ပတ်သက်၍ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောအယ်ကလူစေးနှင့်တွေ့ဆုံမေးမြန်းခြင်း
ဖေဖော်ဝါရီ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကော်သူးလေချာတာ (Kawthoolei Charter) ကို ကျွမ်းကျင်ပညာရှင်များဖြင့် တိုပ်ပင်ရေးဆွဲနေပြီဖြစ်ကြောင်း ၂၀၂၆၊ ဇန်နဝါရီလ (၃၁) ရက်နေ့က ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးမှ ပြည်သူလူထုထံ တရားဝင်ထုတ်ဖော်ပြောဆိုခဲ့သည်။ ၎င်းနှင့်ပတ်သက်၍ ကော်သူးလေချာတာအတွင်းပါဝင်လာမည့်အစုအဖွဲ့များ၊ နယ်နိမိတ်များ၊ လက်ရှိရောက်နေသည့်အဆင့်၊ ချာတာရေးဆွဲရာ၌စိန်ခေါ်မှုများကို သိရှိနိုင်ရန် ကေအဲန်ယူ၏ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောအယ်ကလူစေးနှင့် ကေအိုင်စီက တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။
မေး။ ကော်သူးလေချာတာ ရေးဆွဲရတဲ့အကြောင်းကို အရင်ဆုံးပြောပြပေးပါဦး။
ဖြေ။ ကော်သူးလေချာတာ ရေးဆွဲရတဲ့အကြောင်းရင်းက အဓိကနိုင်ငံရေး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ နိုင်ငံရေးဖြစ်စဥ်ကြောင့်ပေါ့။ ဒီတစ်လျှောက်လုံး နိုင်ငံရေး အဖြေရှာတဲ့နေရာမှာ အများအားဖြင့် အထက်အောက်ပုံစံမျိုးနဲ့ရှာဖွေခဲ့တယ်။ ဒါပေမယ့် အနှစ်သာရရှိတဲ့ တွေ့ဆုံဆွေးနွေးမှုရလဒ်မထွက်ဘူးပေါ့နော်။ ဒီနေ့ ဒီအချိန်မှာက ကျနော်တို့ တိုင်းပြည်ဖြေရှင်းနေတဲ့ အခြေအနေအခင်းအကျင်းအရကြည့်လိုက်တဲ့အခါ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးပေါ့နော်။ အဲဒီအတွက် ဘယ်ကစရမလဲဆိုတော့ ပြည်နယ်အားကောင်းရေးကနေ ကျနော်တို့အခြေခံစရမှာဖြစ်တယ်။ ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက်က အောက်ခြေကနေပြီးတော့ ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုတည်ဆောက်ရေးဆိုတဲ့ အခြေခံ မူဝါဒချထားတယ်ပေါ့နော်။ အဲဒီမူဝါဒချထားတဲ့အပေါ်မှာ ပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ အောက်ခြေကနေ ပြည်နယ်အားကောင်းရေးကို ကျနော်တို့အစပြုရမှာဖြစ်တယ်။
အဲ့အတွက်ကြောင့် အစပြုနိုင်ရေးအတွက် တစ်ဖက်ကလည်း ကျနော်တို့ကေအဲန်ယူရဲ့ နိုင်ငံရေး တော်လှန်ရေးရည်ရွယ်ချက်လည်း ရှိတာပေါ့နော်။ တော်လှန်ရေးရည်ရွယ်ချက်လေးရပ်ထဲက တစ်အချက်က ကရင်အမျိုးသားတန်းတူအခွင့်အရေးရရှိရေး၊ နှစ်အချက်က ကော်သူးလေပြည် ဒါမှမဟုတ် ကရင်ပြည်နယ်တည်ဆောက်ရေး၊ နောက်တစ်ချက်က ပြည်နယ်ပေါင်းစုံ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနဲ့ လေးအချက်က ပြည်ထောင်စုအတွင်းရှိ ကရင် လူမျိုးများအပါအဝင် တခြားတိုင်းရင်းသားများ ဒီမိုကရေစီအခွင့်အရေး ခံစားနိုင်ဖို့ပါ။ ဒီတော်လှန်ရေးရည်ရွယ်ချက်လေးရပ်ကို အခြေခံပြီးကြည့်လိုက်မယ်ဆိုရင် တစ်နဲ့နှစ်သည် မိမိတို့ရဲ့ ကရင်အမျိုးသားရေးရာ ကော်သူးလေရေးရာဖြစ်တယ်။ သုံးနဲ့လေးကတော့ ဒါတစ်နိုင်ငံလုံးရေးရာ ဖြစ်တယ်ဆိုတော့ တစ်နိုင်ငံလုံးရေးရာကတစ်ပိုင်း ဆက်ပြီးတော့နည်းလမ်းရှာပြီးတော့ ကျနော်တို့ ဘယ်လိုပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ ဘယ်လိုနည်းလမ်းရှာမှာက တစ်ပိုင်းနဲ့ ခုနက နိုင်ငံရေးအရ လှုပ်ရှားဆောင်ရွက်ရမယ့်အပိုင်းတွေရှိတာပေါ့။
သို့သော်လည်းပဲ ပြည်ထောင်စု ပုံဖော်တည်ဆောက်မယ်ဆိုရင် ဒီအခြေခံအုတ်မြစ်တွေဖြစ်တဲ့ ပြည်နယ်အခြေခံခိုင်မာအားကောင်းရေးက အဓိကကျတဲ့အခါကျတော့ အခုကျနော်တို့ တော်လှန်ရေးကာလအတွင်း ကော်သူးလေကိုတည်ဆောက်ဖို့အတွက် တစ်နဲ့နှစ်ဖြစ်တဲ့ ကော်သူးလေ ရေးရာဆိုတဲ့ကိစ္စကို ပုံဖော်တည်ဆောက်ဖို့အတွက် ဒီတော်လှန်ရေးကာလအတွင်းမှာ ကော်သူးလေရဲ့တည်ဆောက်မှုကို ကျနော်တို့အစပြုတည်ဆောက်ဖို့ ဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့လို့ ကျနော်တို့က ပထမအဆင့်အနေနဲ့ ချာတာအရအနေနဲ့ ကျနော်တို့ ကော်သူးလေအတိုင်းအတာနဲ့ပဲ တော်လှန်ရေးကာလအတွင်း ကော်သူးလေ တည်ဆောက်ဖို့ဖြစ်တဲ့အတွက်ကြောင့် ချာတာအရ မူဘောင်ကနေသွားဖို့ ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ဒီချာတာ ရေးဆွဲခြင်းဆိုတာဖြစ်လာတာ။
မေး။ ဘယ်လိုပုံစံနဲ့ ရေးဆွဲ၊ ဖွဲ့စည်းမလဲ ။
ဖြေ။ အစုအဖွဲ့ (၅) ဖွဲ့ကိုအခြေခံပြီး ဖွဲ့စည်းသွားဖို့ ကျနော်တို့ပြင်ဆင်ထားတယ်။ အစုအဖွဲ့ (၅)ဖွဲ့ကို ပြောရမယ်ဆိုရင် နံပတ်(၁)က ကေအဲန်ယူအစုအဖွဲ့ ရှိမယ်။ ကေအဲန်ယူလို့ပြောတဲ့အခါ ဗဟို၊ ခရိုင် ပါဝင်တဲ့အစုအဖွဲ့၊ ကော်သူးလေအတွင်းရှိ ကရင်မဟုတ်တဲ့တခြားလူမျိုးစုတွေ၊ နောက်တစ်ခုကတော့ လူငယ်အစုအဖွဲ့၊ ပြီးရင် ကော်သူးလေအတွင်းရှိအမျိုးသမီးအစုအဖွဲ့၊ နောက်တစ်ခုကတော့ ဒီ ၂၀၂၀ ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်အစုအဖွဲ့ဆိုပြီးတော့ အစုအဖွဲ့ (၅)ဖွဲ့ကို အခြေခံပြီးတော့မှ ကော်သူးလေဖွဲ့စည်းသွားဖို့ ရှိတယ်ပေါ့နော်။
နောက်တစ်ခုက ပြည်ထောင်စုအရွေ့ကို တစ်ဆင့်ချင်းသွားဖို့ဖြစ်တယ်။ အဲ့အတွက်ကြောင့်မို့လို့ ဒီအစပြုမှုကနေ တော်လှန်ရေးကာလအတွင်း ကော်သူးလေတည်ဆောက်ရေးကနေတဆင့် အသွင်ကူးပြောင်းရေးကာလ၊ ပြီးတော့နောက်ဆုံး ဖွဲ့စည်းပုံကာလအထိ တစ်ဆင့်ချင်းတစ်ဆင့်ချင်း သွားဖို့ဖြစ်တယ်။ ကော်သူးလေတည်ဆောက်ရေးကနေတစ်ဆင့် တခြားသောပြည်နယ်ယူနစ်တွေ ပါဝင်နိုင်တဲ့ အခင်းအကျင်းဖြစ်အောင်လည်း ဆက်ပြီးတော့ ဖန်တီးဆောင်ရွက်ဖို့အစီအစဥ်ကြောင့် ကျနော်တို့ ကော်သူးလေတည်ဆောက်ရေးကနေအစပြုတဲ့ ပြည်နယ်အားကောင်းရေးကနေ ကော်သူးလေအစပြုရေးနဲ့ တခြားသောပြည်နယ်ယူနစ်တွေလည်း ဝိုင်းဝန်းတည်ဆောက်တဲ့ ပြည်ထောင်စုပုံစံမျိုးနဲ့ ဒီအခြေခံနိုင်ငံရေးလုပ်ငန်းစဥ်ပုံစံမျိုး ချမှတ်တာဖြစ်ပါတယ်။
မေး။ ချာတာအရ နယ်နိမိတ်ထဲမှာ ဘယ်မြို့နယ်တွေ ပါဝင်လဲ သိပါရစေ။
ဖြေ။ အခုရေးဆွဲနေတဲ့ချာတာအရ တော်လှန်ရေးကာလအတွင်းတည်ဆောက်မယ့် ကော်သူးလေပြည်ပဲခေါ်ခေါ် ကျနော်တို့ကရင်ပြည်နယ်အရ ဆောင်ရွက်ခဲ့တဲ့အခြေခံကတော့ ကေအဲန်ယူအဖွဲ့အစည်းတစ်ခုအနေနဲ့ နိုင်ငံရေး၊ စစ်ရေး၊ အုပ်ချုပ်ရေးကတော့ တာဝန်ယူနေတယ်ပေါ့နော်။ ဒါပေမယ့် ဒါက အနာဂတ်ပြည်ထောင်စုအတွင်းမှာ ပါဝင်ရမယ့် ပြည်ထောင်စု ပြည်နယ်အဖွဲ့ တစ်ခုဖြစ်တဲ့အလျှောက် ကေအဲန်ယူအတွက်မကဘဲ ကော်သူးလေ တစ်ဝန်းလုံးပါဝင်ဖို့လိုတယ်။ ကော်သူးလေတစ်ဝန်းလုံးအတွက်ပါဝင်ဖို့လိုတဲ့အခါကျတော့ ခုနက ကော်သူးလေဆိုတဲ့နယ်နိမိတ်ကို ကျနော်တို့လုပ်ဖို့ရှိတယ်ပေါ့နော်။ လောလောဆယ် ချာတာအရ လျာထားတဲ့နယ်နိမိတ်ကတော့ ကျနော်တို့ဒီခရိုင် (၇) ခုနဲ့ ဆက်စပ်ဒေသတွေပါဝင်တဲ့နယ်နိမိတ်နဲ့ အခြေခံပြီးတော့မှ ဒီကော်သူးလေတည်ဆောက်ဖို့အတွက် ပြင်ဆင်ထားတယ်ပေါ့နော်။
မေး။ ချာတာရေးဆွဲတဲ့နေရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲ၊ စိန်ခေါ်မှုတွေက ဘာတွေဖြစ်မလဲ။
ဖြေ။ အခုက တိုက်ရိုက်အစုအဖွဲ့တစ်ခုအနေနဲ့ ကျနော်တို့ Space တစ်ခု ဖွင့်ထားတယ်ပေါ့နော်။ အဲ့မှာ အဓိက ကျနော်တို့တစ်လျှောက်လုံးက အမျိုးသမီးတွေပါဝင်ဖို့အတွက်ကို နည်းမျိုးစုံနဲ့ဆွဲခေါ်တယ်။ အဲဒီ Space အတွက်ကို သူတို့တိုက်ရိုက်ပါဝင်လာဖို့အတွက် ကရင်အမျိုးသမီးတစ်ခုတည်းကို ရည်ရွယ်တာမဟုတ်ဘူး။ ကော်သူးလေအတွင်းရှိ အမျိုးသမီးတွေကိုယ်စားပြုပါဝင်လာနိုင်ဖို့အတွက် ကျနော်တို့ အစုအဖွဲ့တစ်ခုအနေနဲ့ထည့်ထားတာပေါ့နော်။
အမျိုးသမီးတွေ ပါဝင်လာနိုင်ဖို့ကိုလည်း ကျနော်တို့ တစ်လျှောက်လုံးကြိုးပမ်းခဲ့တယ်။ သူတို့ပါဝင်ဖို့ကို တစ်ဖက်ကလည်း အခြေအနေအခင်းအကျင်းတွေကို ဖန်တီးပြီးတော့မှ တွဲခေါ်ရမယ့်အနေအထားတွေ လိုအပ်သလို တစ်ချိန်တည်းမှာ ကျနော်တို့ကတော့ ဆွဲခေါ်တာထက် ဒီတော်လှန်ရေးကာလအတွင်း ဖွဲ့စည်းတည်ဆောက်မယ့် ကော်သူးလေရဲ့ ဖွဲ့စည်းမှုမှာ သူတို့တိုက်ရိုက်ပါဝင်နိုင်မယ့် Space တစ်ခုကိုလည်း ကျနော်တို့ ဖွင့်ထားပေးတယ်လို့ပြောချင်တယ်။
မေး။ လူမျိုးစုအားလုံး ပါဝင်လာနိုင်ရေးအတွက် ဘာတွေ ဘယ်လိုလုပ်ဆောင်သွားမလဲ။
ဖြေ။ သူ့ရဲ့ အစုအဖွဲ့ထဲမှာဖွင့်ထားတဲ့ အဲ့ဒီ Space ထဲမှာ ကေအဲန်ယူရဲ့ကိုယ်စားပြုမှုရော အခြားလူမျိုးစု ကိုယ်စားပြုမှုတွေထဲကလည်းပဲ ပါဝင်လာနိုင်အောင်လို့ ကျနော်တို့ တိုက်တွန်းဖို့လိုတယ်။ ဒီတိုက်တွန်းဖို့ အစီအစဥ်တွေလည်း ချမှတ်ဖို့လိုတာပေါ့။ ဒါပေမယ့် ဒီအစုအဖွဲ့တစ်ခုအနေနဲ့ ပါဝင်ဖို့အတွက် ကော်သူးလေအတွင်းမှာ လိုက်လံစည်းရုံးဖို့အတွက်က တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဆောင်တဲ့နေရာကနေတဆင့် ခြေလှမ်းတွေပြင်ဆင်မှုအနေနဲ့ ပြောလို့ရတယ်။ အဲ့အတွက် ဒါတွေဟာ ရှေ့ဆက်ပိုမိုပြီးမှ ဆက်လက်ဆောင်ရွက်သွားမယ့်အစီအစဥ်ရှိရင်တော့ သူတို့ရဲ့ပါဝင်မှုက ပိုပြီးတော့မှ ကိုယ်စားပြုမှုတွေ ပါဝင်မှုအားကောင်းလာမယ်ပေါ့နော်။
အဲဒီလိုမှမဟုတ်ဘူးဆိုရင် ကျနော်တို့ကအစုအဖွဲ့တစ်ခုအနေနဲ့ Space တစ်ခုအနေနဲ့ ဖွင့်ပေးရုံနဲ့ မလုံလောက်ဘူး။ အဲ့လိုမျိုးဖွင့်ပေးလိုက်ရုံနဲ့က သူတို့ပါဝင်လာဖို့အတွက် တခြားသောနည်းလမ်းမျိုးစုံနဲ့ အဟန့်တားဖြစ်မှာအများကြီးရှိတယ်။ အဖက်ဖက်က နည်းမျိုးစုံနဲ့ဖိနှိပ်တဲ့အောက်မှာတောင် အမျိုးမျိုးကြုံတွေ့ရတဲ့စိန်ခေါ်ချက်တွေ အများကြီးရှိတယ်။ အဲဒီအပေါ်မှာ တကယ်အရေးကြီးတဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် နှီးနှောတိုင်ပင်မှုတွေ ဆင့်ကဲဆင့်ကဲ ဆောင်ရွက်သွားမယ်ဆိုရင် အဲဒီ Space ရဲ့ ပြင်ဆင်မှုအတွက်ကလည်း အထောက်အကူပြုမယ်။ ပါဝင်ကိုယ်စားပြုမှုအခြေအနေတွေလည်း ပြည့်မှီတဲ့အခြေအနေ ရောက်ရှိမယ်လို့မျှော်လင့်တာပေါ့နော်။
မေး။ ဒီနေ့အချိန်ထိ ချာတာ ရေးဆွဲတဲ့နေရာမှာ ဘာတွေအကောင်အထည်ပေါ်လာပြီလဲ။ ပြောပြလို့ရတဲ့အပိုင်းတွေရှိမလား။
ဖြေ။ ချာတာအရကတော့ ကျနော်တို့ တစ်ဆင့်ချင်းတစ်ဆင့်ချင်း သွားတာပေါ့နော်။ ပထမဦးဆုံးတော့ ကေအဲန်ယူက Document ကို development လုပ်ပေးတာပေါ့နော်။ ဒါပေမယ့် တကယ်က ကေအဲန်ယူကိုပဲ အခြေခံပြီးတော့ရေးဆွဲလို့ မရဘူး။ ဘာလို့လဲဆိုတော့ ပါဝင်ရမယ့်အဖွဲ့ (၅)စုတွေရဲ့ ကိုယ်စားလှယ်တွေကိုယ်တိုင်က ဒီချာတာကိုယ်ထည်ကိုရေးဆွဲရမယ်။ ကျနော်တို့က အစအကုန်ပြုထားတာတော့ ကေအဲန်ယူက Document ကို develop လုပ်တယ်။ အဲဒီ develop လုပ်ထားတဲ့ Document ကိုအခြေခံပြီးတော့ အခုပါဝင်ရမယ့် အစုအဖွဲ့ ကိုယ်စားလှယ်ကနေပြီးတော့ Zero Draft ကို စဆွဲနေတာပေါ့နော်။ စဆွဲနေပြီးတော့မှ ကိုယ်စားလှယ်တွေကနေတဆင့် ရေးဆွဲတဲ့ဟာက သူ့ရဲ့ Process တစ်ဆင့်ရသွားပြီး နောက်ဆုံးအတည်ပြုတဲ့အဆင့်ကို ရောက်သွားမယ်။ ပြီးတဲ့အခါကျရင် ကျနော်တို့လိုအပ်တဲ့ ပေးအပ်လာတဲ့အခင်းအကျင်းအခြေအနေအရ ကာလတစ်ခုနဲ့ သတ်မှတ်ပြီး ထုတ်ပြန်ကြေညာဖို့ ပြင်ဆင်မှုတွေလုပ်ထားတယ်ပေါ့နော်။
မေး။ ရှေ့ဆက် ဘာတွေအဓိကလုပ်ဆောင်သွားဖို့ရှိသလဲ။ ဘယ်လောက်ထိ မျှော်လင့်ထားပါသလဲ။
ဖြေ။ Processes အရတော့ ဒီ Consultation ကတော့ တစ်ဆင့်ချင်း ကြိုးစားလုပ်နေတာပေါ့နော်။ နောက်ဆုံးပြောရရင် မူကြမ်းအဆင့်က ဒီအစုအဖွဲ့ကိုယ်စားလှယ်တွေပါဝင်တဲ့ ခုနပေါ့။ ရေးဆွဲရေး စပြီးတော့မှ မူကြမ်းအရရှိလာပြီဆိုရင် အဲဒီမူကြမ်းအပေါ်အခြေခံပြီး နောက် Consultation တွေ လိုအပ်ရင်လိုအပ်သလို ပြင်ဆင်ဖြည့်စွက်သွားဖို့နဲ့ လိုအပ်ရင်လည်း ကျနော်တို့ အချိန်ဘယ်လောက်ယူမလဲဆိုတာ ပြန်ချိန်တွက်ဖို့လိုတာပေါ့နော်။ ပြီးမှ အဲဒီပေါ်မှာ အနေအထား အခြေအနေတစ်ခု ပေးအပ်လာပြီဆိုရင် ကျနော်တို့ထုတ်ပြန်ကြေညာဖို့ပြင်ဆင်ထားတဲ့အစီအစဥ် ရှိတာပေါ့နော်။
မေး။ ကရင်လူငယ်မျိုးဆက်သစ်တွေကို ဘာသတင်းစကားပါးချင်ပါသလဲ။
ဖြေ။ ကော်သူးလေတည်ဆောက်မှုမှာ တတ်နိုင်သလောက် ဒီမိုကရေစီစံနဲ့အညီဖြစ်ဖို့အတွက် ကြိုးစားဆောင်ရွက်နေတဲ့အတွက်ကြောင့် ကော်သူးလေအတွင်းရှိတတ်နိုင်သလောက် Inclusive ဖြစ်အောင် လူငယ်တွေရဲ့အစုအဖွဲ့ Space တစ်ခုကိုဖွင့်ထားပေးတဲ့အတွက်ကြောင့် လူငယ်တွေ အရေးကြီးတဲ့အခန်းကဏ္ဍထဲမှာရောက်လာပါပြီ။
ဒါကြောင့်မို့ လူငယ်တွေလည်း သူ့တို့ရဲ့အခုလိုမျိုး တိုင်ပင်ဆွေးနွေးမှုတွေ ညှိနှိုင်းဆောင်ရွက်မှုတွေ များများဆောင်ရွက်ပြီးတော့မှ သူတို့ရဲ့ပါဝင်ရမယ့်အစုအဖွဲ့တစ်ခုအတွင်းထဲမှာ ကိုယ်စားပြုနိုင်လောက်တဲ့အထိ ထိရောက်တဲ့ပါဝင်မှုတွေရှိလာဖို့ကို ကျနော်မျှော်လင့်ပါတယ်။ လူငယ်တွေကိုတိုက်တွန်းချင်တာက ဒီရှေ့အနာဂတ်မှာတည်ဆောက်မယ့် ကော်သူးလေပြည် အခြေခံကနေပြီးတော့ ကော်သူးလေပြည်တည်ဆောက်တဲ့အထိပါ လူငယ်ရဲ့ အခန်းကဏ္ဍတွေ အများကြီး အရေးကြီးတဲ့အတွက်ကြောင့် ဒီလုပ်ငန်းစဥ်မှာ ထဲထဲဝင်ဝင်ပါဝင်ကြိုးပမ်းဖို့အတွက် အရမ်းအရေးကြီးလိုအပ်တယ်။



















