ဖေဖော်ဝါရီ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ဘက် တိုက်ပွဲများအတွင်း သောင်ရင်းမြစ်အစပ်၊ ထိုင်းနိုင်ငံ၊ မယ့်ကိုကင်းရွာအထိ ကျည်ဆန်ရောက်၍ ကျည်ကွယ်ရာ ရွာအပေါ်ဘက်နေရာများသို့ ပြောင်းရွှေ့နေထိုင်သည့် ဒေသခံနှင့်စစ်ရှောင်အများစု နေအိမ်မပြန်ရဲသေးကြောင်း နယ်စပ်နေသတင်းအရင်းအမြစ်က ပြောသည်။
စစ်အုပ်စုက ဝေါလေဘက်သို့ထိုးစစ်ဆင်နိုင်ရန် ဖလူးနှင့်မင်းလက်ပံဒေသမှတဆင့် စစ်ကြောင်းဖြန့်ဝင်နိုင်ရေး ကြိုးပမ်းလာခြင်းဖြစ်ပြီး လက်နက်ကြီးနှင့်ဒရုန်းသုံးပစ်ခတ်မှုအပြင် ဖေဖော်ဝါရီ(၈)ရက်နှင့်(၉)ရက်နေ့က လေကြောင်းအပြင်းအထန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် ဖေဖော်ဝါရီလ(၉)ရက်နေ့ကစ၍ ထိုင်းအာဏာပိုင်များက သောင်ရင်းမြစ်နှင့်အလွန်နီးကပ်ရာ မယ့်ကိုကင်းရွာနေထိုင်သူများကို ကျည်ကွယ်အရပ်သို့ရွှေ့ခိုင်းထားခြင်းဖြစ်သည်။ ယခုရက်ပိုင်းတွင်လည်း မြန်မာဘက်ကပစ်လိုက်သည့်သေနတ်ကျည်၊ ရွာသို့ကျရောက်မှုရှိ၍ မူလစစ်ရှောင်နေရာကိုမပြန်ရဲကြောင်း မယ့်ကိုကင်းတွင် ထပ်ဆင့်ရွှေ့ပြောင်းစစ်ရှောင်နေရသည့်မင်းလက်ပံရွာသားက ပြောသည်။
“ကျည်ကျတာပေါ့။ ကမ်းနားစပ်ကအိမ်တွေထိတယ်လို့လည်းပြောတယ်၊ ဘယ်အိမ်လည်းတော့မသိဘူး။ အဲဒီမှာရှိတဲ့ထိုင်းနိုင်ငံသားအိမ်တွေကတော့ ပြောင်းထားပြီးပြီ အာဏာပိုင်တွေက လာပြောင်းခိုင်းထားတော့။ အဲ့ရက်ကတည်းကျနော်တို့လည်းအပေါ်ဘက်ရွှေ့ရတယ်။ အခုထိအဲဒီမှာပဲ နဂိုနေရာကိုမပြန်ရဲဘူး။” ဟု ၎င်းရွာသားက ပြောသည်။

မြန်မာဘက်ကတိုက်ပွဲများကြောင့် လတ်တလောတွင် ထိုင်းအာဏာပိုင်တို့က သောင်ရင်းမြစ်ကမ်းတစ်လျှောက် လုံခြုံရေးယူထားပြီး အခြေအနေမပြတ်စောင့်ကြည့်နေကြကြောင်းလည်း နယ်စပ်သတင်းအရင်းအမြစ်များအပါအဝင် ထိုင်းမီဒီယာတွင်ပါ ဖော်ပြပြောဆိုသည်။
မယ့်ကိုကင်းကျေးရွာသည် ဖလူး၊ မင်းလက်ပံရွာနှင့် သောင်ရင်းမြစ်တစ်ဖက်တစ်ချက်တွင်ရှိ၍ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာကတည်းက ဒေသတွင်းနယ်မြေလုံခြုံရေး တစ်ဆထက်တစ်ဆ ဆိုးရွားလာမှုကြောင့် မြန်မာဘက်ကစစ်ရှောင်တချို့ လာရောက်ခိုလှုံနေသည့်ရွာလည်းဖြစ်သည်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့နယ်ထဲရှိသည့်မယ့်ကိုကင်းရွာတွင် ထိုစဥ်ကလည်း စစ်အုပ်စုပစ်ခတ်လိုက်သော လက်နက်ကြီး(၅)လုံး၊ ရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်အပါအဝင် ဒေသခံ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။



















