Home သတင်း မိုင်တဲ(လ်)နှင့်သက်ဆိုင်ရာ စာမျက်နှာပေါင်း ၁,၀၀၀ ကျော်ကို Facebook ဖယ်ရှား

မိုင်တဲ(လ်)နှင့်သက်ဆိုင်ရာ စာမျက်နှာပေါင်း ၁,၀၀၀ ကျော်ကို Facebook ဖယ်ရှား

568
Photo: Social Media

ဇန်နဝါရီ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်အုပ်စုနှင့်ဗီယက်နမ်လုပ်ငန်းတို့ ဖက်စပ်လုပ်ကိုင်သော ဆက်သွယ်ရေးကွန်ရက် မိုင်တဲ(လ်)နှင့်သက်ဆိုင်သည့် စာမျက်နှာပေါင်း ၁,၀၀၀ ကျော်ကို လူမှုကွန်ရက်မီဒီယာ-Facebook က ဖယ်ရှားလိုက်ကြောင်း Justice for Myanmar-JFM ထုတ်ပြန်ချက်အရ သိရသည်။

မိုင်တဲလ်စာမျက်နှာအပါအဝင် မိုင်တတဲလ် ကိုယ်စားလှယ်များ၊ လက်လီအရောင်းဆိုင်များ စုစုပေါင်း(၁,၀၀၀)ကျော်ရှိ စာမျက်နှာများကို ဖေ့ဘွတ်ခ်က ဖယ်ရှားလိုက်ခြင်းဖြစ်ပြီး မြန်မာစစ်အုပ်စုအပေါ် ကြီးမားသည့်ထိုးနှက်ချက်ဖြစ်သည်ဟု JFM က ဆိုသည်။

လေ့လာချက်အရ မြန်မာစစ်အုပ်စုပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း-MEC လက်အောက်ခံ Star High Public Company Ltd က မိုင်တဲလ်ရှယ်ယာ(၂၈)ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး လုပ်ငန်း လည်ပတ်မှု(၁၀)နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်းပေါင်း ၇၀၀ ကျော် ခန့်ကို စစ်အုပ်စုက အမြတ်ငွေရရှိနိုင်ကြောင်း သိရသည်။

ထို့ကြောင့် JFM က စစ်အုပ်စုထိန်းချုပ်ထားသော နိုင်ငံပိုင် MRTV Friday Night Live Show စာမျက်နှာနှင့်တကွ မိုင်တဲလ်နှင့်ဆက်စက်စာမျက်နှာများကိုပါ ယခု ဇန်နဝါရီပထမအပတ်အတွင်း ဖေ့ဘွတ်ခ်ထံတိုင်ကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထို့အပြင် မိုင်တဲလ်သည် စစ်အုပ်စု၏ဆက်သွယ်ရေးညွှန်ကြားမှုရုံးနှင့်ပူးပေါင်းကာ စစ်အခြေစိုက်စခန်းများတွင် ဆက်သွယ်ရေးအခြေခံများတည်ဆောက်ပေးခြင်း၊ ကွန်ရက် အဆင့်မြှင့်တင်ပေးခြင်းအပြင် အသုံးပြုသူများ၏တည်နေရာနှင့် ကိုယ်ရေးအချက်အလက်ကို ထောက်လှမ်းနိုင်သောနည်းပညာအကူအညီပေးခဲ့ကြောင်းလည်း စောင့်ကြည့်လေ့လာသူများက ဆိုထားသည်။

မြန်မာစစ်အုပ်စုထိန်းချုပ်သော စီးပွားရေးလုပ်ငန်းများကို ပိတ်ပင်သည့် မူဝါဒအရ ဖေ့ဘွတ်ခ်မှ ၂၀၂၁ ခုနှစ်တွင် မိုင်တဲလ်စာမျက်နှာကို ဖယ်ရှားခဲ့သော်လည်း စာမျက်နှာအသစ်ဖွင့် ရှောင်ရှားခြင်းဖြင့် ဆက်လက်ရပ်တည်ခဲ့ပြီး ၎င်းအရောင်းဆိုင်နှင့်ကိုယ်စားလှယ်များက လက်ရှိအချိန်ထိလည်ပတ်နေကြခြင်းဖြစ်သည်ဟု JFM က ထည့်သွင်းဖော်ပြသည်။

စစ်အုပ်စုထံ ဘဏ္ဍာငွေအပြင် ဒစ်ဂျစ်တယ်ထောက်လှမ်းရေးကိုပါ အကူအညီပေးနေသည့် မိုင်တဲလ်သည် တနည်းအားဖြင့် စစ်အုပ်စု၏ရာဇဝတ်မှုများကို အားပေးကူညီနေသည်ဟု လေ့လာသူများက ထောက်ပြသည်။ ယင်းကြောင့် Google Play Store၊ Apple App Store ကဲ့သို့ အွန်လိုင်းဈေးကွက်များတွင် မိုင်တဲလ်အက်ပလီကေးရှင်းကို ဖယ်ရှားခြင်းအပြင် အခြားပိတ်ပင်မှုများကိုလည်း လုပ်ဆောင်ကြရန် နည်းပညာကုမ္ပဏီများထံ JFM က တောင်းဆိုထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလက JFM ၏ သတင်းပို့တိုင်ကြားမှုအပြီးတွင်လည်း မြန်မာ စစ်အုပ်စုဝါဒ ဖြန့်သတင်းတင်ဆက်နေသည့် MWD News စာမျက်နှာကို Tiktok ကုမ္ပဏီက ၎င်းတို့ပလက်ဖောင်းမှ ဖယ်ရှားလိုက်သည့်အရေးယူမှုပြုလုပ်ခဲ့သေးသည်။