Home သတင်း KNA ဘက်တံဆိပ်ပြောင်း BGF တပ်ရင်းများမှ စစ်အုပ်စု ဦး/ရေး/ထောက် တပ်ဖွဲ့များ တပ်မ ၂၂ နှင့် ရတခသို့ ရွှေ့ပြောင်းဆုတ်ခွာ

KNA ဘက်တံဆိပ်ပြောင်း BGF တပ်ရင်းများမှ စစ်အုပ်စု ဦး/ရေး/ထောက် တပ်ဖွဲ့များ တပ်မ ၂၂ နှင့် ရတခသို့ ရွှေ့ပြောင်းဆုတ်ခွာ

836
Photo: KNA

ဇန်နဝါရီ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်ရှိ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့မှ KNA (ကရင်အမျိုးသားတပ်မတော်) အဖြစ် BGF တပ်နယ်/တပ်ရင်းအချို့ ဘက်တံဆိပ်ပြောင်းလဲတပ်ဆင်ပြီးနောက် ဇန်နဝါရီလ ၂ ရက်မှစတင်၍ စစ်အုပ်စု၏ တပ်ရင်းအုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်ရသည့် (ဦး/ရေး/ထောက်) အရာရှိများနှင့် အကြပ်စစ်သည်များသည် ဖားအံမြို့ တပ်မ ၂၂ နှင့် မော်လမြိုင်မြို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) သို့ ရွှေ့ပြောင်းဆုတ်ခွာရကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း မြဝတီတပ်နယ် ၃ နှင့် တပ်နယ် ၂ ဒေသရှိ BGF တပ်ရင်း ၁၀၁၆၊ ၁၀၁၇၊ ၁၀၁၈၊ ၁၀၁၉၊ ၁၀၂၀ တပ်ရင်းများထဲမှ ဦး/ရေး/ထောက် (စစ်ဦးစီးဆိုင်ရာ၊ စစ်ရေးဆိုင်ရာ၊ စစ်ထောက်ဆိုင်ရာ) မှ စစ်အုပ်စုအရာရှိအပါအဝင် တပ်ဖွဲ့ဝင် ၃၀ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များသည် ယခုရက်ပိုင်းအတွင်း ရွှေ့ပြောင်းသွားကြောင်း KNA ဘက်တံဆိပ်ပြောင်း တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောသည်။

“BGF ကနေ KNA ပြောင်းပြီးဆိုတော့ စစ်တပ်နဲ့ မဆိုင်တော့ဘူးလေ။ အဲ့တော့ သူတို့ စစ်တပ် ကလူတွေ သူတို့ စစ်တပ်ဌာနချုပ်တွေကို ပြန်ဆုတ်ရတာပေါ့။ တပ်မ ၂၂ တို့၊ မော်လမြိုင် (ရတခ) တို့ကို ပြန်ကြတယ်။ အရင် BGF တပ်ရင်းနေရာတွေရှိတဲ့ ကျော်ခို့၊ ဇရပ်ဖြူကုန်း၊ ဒေါ်လန်း၊ ကော့ကော်နဲ့ မြဝတီ BGF ရုံးမှာ နေတဲ့ အရာရှိနဲ့ တပ်ကြပ်တွေ၊ သူတို့ မိသားစုတွေ အကုန်ပြန်သွားပြီလေ။ အခုက ကျနော်တို့ တပ်ရင်းနေရာတွေ ဖြစ်ပြီလေ” ဟု KNA တပ်ဖွဲ့ဝင် တာဝန်ရှိသူက ပြောသည်။

ထိုသို့ BGF တပ်ရင်းများတွင် နေထိုင်သည့် စစ်အုပ်စုဘက်မှ တပ်တွင်းနောက်တန်း အုပ်ချုပ်စီမံရသည့် အရာရှိများ၊ အရာခံများနှင့် ဆေးတပ်ဖွဲ့၊ ထောက်ပို့တပ်ဖွဲ့၊ ထောက်လှမ်းရေး (စရဖ) နှင့် ဆက်သွယ်ရေး၊ ကြေးနန်းနှင့် လက်နက်ပြုပြင်သည့် အကြပ်စစ်သည်များနှင့် မိသားစုများအပါအဝင် လူ ၅၀၀ ကျော်ခန့် ရွှေ့ပြောင်းသွားပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ယခုလက်ရှိတွင် မြဝတီမြို့ရှိ ယခင် BGF စည်းကမ်းထိန်းသိမ်းရေးနှင့် ကွပ်ကဲရေးရုံးနေရာနှင့် မြို့ပြင်ရှိ ရေပူကျေးရွာ၊ မြေနီကုန်းရပ်ကွက်၊ တောင်ကလေးကျောင်းတိုက် အနောက်ဘက်ရပ်ကွက်များနှင့် သင်္ဃန်းညီနောင်မှ ရွှေကုက္ကိုလ်လမ်းပိုင်း တစ်လျှောက်တွင် KNA တပ်ဖွဲ့ဝင် ရာချီပြီး နေရာယူ၍ စစ်ရေးလှုပ်ရှားမှုများရှိနေကြောင်း KNA တပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောသည်။

Photo: KNA

“ကျနော်တို့ မြဝတီမှာတော့ မြို့ထဲ၊ မြို့ပြင်၊ မြေနီကုန်း၊ ရေပူ စတဲ့နေရာတွေမှာ နေရာယူထားတယ်။ ၂၇၅ ဘက်လမ်းတွေ၊ ဇုန်တွေ အကုန်လုံး KNA အဖွဲ့တွေချည်းပဲ။ နောက်ပြီး ညီနောင်ကနေ ထီးခြားဒါး၊ ကော့ကော်၊ ကုက္ကိုလ်အထိ အကုန်တပ်ဖြန့်ထားတယ်။ BGF တံဆိပ်နဲ့တော့ သွားလာတာ မရှိတော့ဘူး” ဟု KNA သတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ မြဝတီမြို့နယ်တောင်ဘက် မဲကနယ်ကျေးရွာရှိ BGF ၁၀၂၂ တပ်နယ် ၄ မှ ဗိုလ်မုတ်သုန် တပ်ရင်းမှ တပ်ဖွဲ့ဝင်များအနေဖြင့် BGF တပ်ဖွဲ့မှ KNA ဘက်တံဆိပ်ပြောင်းလဲတပ်ဆင်မှုတွင် မပါဝင်ကြောင်း ကနဦးသတင်းများအရ သိရသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ဗိုလ်မုတ်သုန်ထံ ဆက်သွယ်နေသော်လညး အဆက်အသွယ် မရရှိသေးပါ။

၎င်းအပြင် ဖားအံမြို့နယ်ဘက်တွင်လည်း KNA တပ်ဖွဲ့ ဘက်တံဆိပ်တပ်ဆင်ထားသည့် အဖွဲ့များသည် တောင်ကလေးလမ်းပိုင်းမှ ထီလုံ၊ ဒိုင်းပြ၊ လှိုင်းဘွဲလမ်းပိုင်းနှင့် ထီလုံ/ထော့ကော်ကိုး၊ ကြက်ဥတောင် လမ်းပိုင်းများတွင် နေရာယူထားကြောင်း သိရသည်။

လတ်တလော ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် BGF တပ်ဖွဲ့မှ KNA ဘက်တံဆိပ်ပြောင်းလဲတပ်ဆင်ကာ သီးခြားရပ်တည်လိုက်သည့် ကိစ္စနှင့် ပတ်သက်၍ ဖြစ်စဉ်အခြေအနေကို KNA တပ်ဖွဲ့ တာဝန်ရှိသူများဘက်မှ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ အလားတူ စစ်အုပ်စုဘက်မှလည်း KNA တပ်ဖွဲ့ ဘက်တံဆိပ်ပြောင်းလဲမှုအပေါ် မည်သို့ကိုင်တွယ်မည်ဆိုသည့် ထုတ်ပြန်ချက် တစ်စုံတစ်ရာကို မတွေ့ရှိရသေးပါ။